၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရာမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတဖြစ်ခွင့်ကို ကန့််သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ပါ အချက်တချို့ကို ပြင်ဆင်ထားကြောင်း သိရပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဦးသိန်းဇော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အခုလို တင်သွင်းခဲ့တာဖြစ်ပါတယ်။
"စုစုပေါင်း ၂၈၉ ဦး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၆၆၄ ဦး၏ ၄၃.၅၂ ရာခိုင်နှုန်း မှ ပြင်ဆင်လိုကြောင်း ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော အမည်စာရင်းကို နောက်ဆက်တွဲ (ခ) အဖြစ် ပူးတွဲတင်ပြအပ်ပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၅ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ နည်းဥပဒေ ၁၃၃ တို့နဲ့အညီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဥပဒေကြမ်းနဲ့တကွ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အဆိုအား ပြည်ထောင်စုလွှတ်တော်တွင် လက်ခံဆွေးနွေး ခွင့်ပြုနိုင်ရန်အတွက် လေးစားစွာတင်ပြအပ်ပါတယ်"
ပုဒ်မ ၅၉(စ) ပြင်ဆင်ချက်မှာ နိုင်ငံတော် သမ္မတအရွေးခံမယ့်သူရဲ့ ချွေးမနဲ့ သားမက်ဟာ နိုင်ငံခြားသား မဖြစ်စေရ ဆိုတာကိုပဲ ပယ်ဖျက်ထားပြီး၊ သား သမီးရှိသူဆိုတဲ့ ကန့်သတ်ချက်ကိုတော့ ဆက်လက်ထားရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံပါ ပုဒ်မ ၁၀၀ နီးပါးကို ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအစား ၇၀ ရာခိုင်နှုန်းအောက် မလျော့သောကိုယ်စားလှယ်များလို့ ပြင်ဆင်ထားပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်ထားတဲ့စနစ်အစား သက်ဆိုင်ရာလွှတ်တော်တွေက ရွေးချယ်တဲ့ကိုယ်စားလှယ်ကို အတည်ပြုပေးရမယ်လို့ ပြင်ဆင်ထားပါတယ်။ ဒီဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။