လွှတ်တော်ကိုယ်စားလှယ်တွေကို လက်အောက်ငယ်သားလို မဆက်ဆံဖို့ သမ္မတ ဦးဝင်းမြင့်ပြော


2018.12.15
president-winmyint-hpaann-622.jpg နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို ၂၀၁၈၊ ဒီဇင်ဘာ ၁၅ ရက်နေ့ ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင်ခန်းမမှာ ပြုလုပ်တဲ့ မဏ္ဍိုင် ၃ ရပ် တွေဆုံပွဲမှာ တွေ့ရစဉ်
Photo: Thant Zin Aung

တိုင်းနဲ့ပြည်နယ်တချို့မှာ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေဟာ လွှတ်တော် ကိုယ်စားလှယ်တွေကို လက်အောက်ငယ်သားလို ဆက်ဆံတာတွေရှိနေတာဟာ မဖြစ်သင့်ဘူးလို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင်ခန်းမမှာ ပြုလုပ်တဲ့ မဏ္ဍိုင် ၃ ရပ် တွေဆုံပွဲမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က အခုလို သတိပေး ပြောကြားခဲ့တာပါ။

အုပ်ချုပ်ရေးပိုင်းကို ဥပဒေပြုရေး မဏ္ဍိုင်က လွှတ်တော် ကိုယ်စားလှယ်တွေက ဝင်စွက်ဖက်တာတွေ၊ ဥပဒေပြုရေးကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်စွက်ဖက်တာတွေ ရှိနေကြောင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေက လွှတ်တော်အမတ်တွေကို မိမိတို့ လက်အောက်ငယ်သားတွေလို ဆက်ဆံတာတွေရှိနေကြောင်း အဲဒီလိုအခြေအနေတွေဟာ မဖြစ်သင့်ကြောင်း၊ မိမိတို့ ကျရာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ဖို့သာ အရေးကြီးကြောင်း သမ္မတက ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး တရားစီရင်ရေးမှာ အစိုးရအဖွဲ့တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေပါ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ဖို့၊ တရားရုံးထုတ်တာတွေမှာ အများစုကို အချုပ်ကားတွေနဲ့ ခေါ်ထုတ်ပြီး တချို့ကို ကိုယ်ပိုင်ကားနဲ့ ရုံးထုတ်တာတွေ တေ့ွနေရပြီး အဲဒီလို လုပ်ဆောင်တာတွေ မလုပ်ဖို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြည်နယ်တွေမှာ စီမံကိန်းတွေ ဖော်ဆောင်မယ်ဆိုရင် ကိုယ့်ဒေသနဲ့ကိုက်ညီတာ ပြည်နယ်အတွက် အကျိုးရှိတာတွေသာ လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ဆိုခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဟာ မနေ့ကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မဏ္ဍိုင် ၃ ရပ်နဲ့ တွေဆုံကာ အာဏာမယစ်မူးဖို့၊ သိမ်းဆည်းမြေတွေ ပြန်ပေးဖို့ကိစ္စတွေ အမြန်ဆုံးဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့် ခရီးစဉ်အတွင်း တိုင်ကြားစာ လက်ခံတာတွေလည်း အခုနောက်ပိုင်းမှာ ရှိလာပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။