သမ္မတ ဦးသိန်းစိန်ကို သတင်းထောက်တွေ ဆန္ဒပြ


2014.07.12
myanmar-journallists-305 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်တွေ ဇူလိုင်လ ၁၂ ရက်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံနေတဲ့ အချိန် သတင်းမီဒီယာသမားတွေက မီဒီယာဖိနှိပ်မှုရပ် ဆိုတဲ့ စာတမ်းပါ တီရှပ်ဆင်တူဝတ်ဆင်ပြီး ဆန္ဒပြစဉ်
Photo: Kyaw Zaw Win , Kyaw Lwin Oo /RFA

ယူနတီဂျာနယ်က  အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို သတင်းမီဒီယာသမားတွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံတော် သမ္မတနဲ့ အနုပညာရှင်တွေ တွေ့ဆုံဆွေးနွေးနေစဉ်မှာ သတင်းမီဒီယာသမားတွေက “မီဒီယာဖိနှိပ်မှုရပ်” ဆိုတဲ့ တူညီတီရှပ်တွေ ဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ် ပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် MJN က လူမူဆက်သွယ်ရေးတာဝန်ခံ မရွှေမှုံက ဆန္ဒပြပွဲ အကြာင်း အခုလို ပြောပါတယ်။

"ဒီအရပ်သား အစိုးရ လက်ထက်ကို ရောက်လာတဲ့ အချိန်မှာတုန်းက သတင်းမီဒီယာတွေ လွတ်လပ်ခွင့် ရခဲ့ပါတယ်၊ အချို့ပေါ့ အကုန်လုံးတော့မဟုတ်ဘူး၊ အဲ့ဒီစကားတွေပြောပြီး သိပ်မကြာ ဘူး တောက်လျောက် မီဒီယာသမားတွေ အဖမ်းခံရတာ ဆက်တိုက် ဆက်တိုက်ပဲ အခုဆို နှစ်ရှည်ထောင်ဒဏ် ၁၀ နှစ်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချခံခဲ့ရတယ်၊ သူတို့မိသားစုတွေ ဘယ်လောက် ဒုက္ခရောက်လိမ့်မလဲ၊ ဘယ်လောက်ကြေကွဲနေလိမ့်မလဲ၊ လူတစ်ယောက်ဖို့ တစ်မိသားစုလုံးမှာ ဒုက္ခရောက်ရတာ အဲ့ဒီတော့ အခုဆိုလို့ရှိရင်လည်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ ရွှေလီလမ်းထိပ်ကို ကျမတို့ သတင်းလာယူတယ် သတင်းယူခွင့်မရဘူး"

အဲ့ဒီ မီဒီယာဖိနှိပ်မူရပ်ဆိုတဲ့ စာတန်းပါတဲ့ တီရှပ်အင်္ကျ ီတွေ ဆင်တူဝတ်ဆင်ထားသူ မီဒီယာသမားတွေကို မြန်မာ ငြိမ်းချမ်းရေးစင်တာထဲ ဝင်ရောက်သတင်းရယူခွင့် တားမြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှာ "မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတု လက်နက်စက်ရုံ" ဆိုပြီး ဖေါ်ပြခဲ့တာကြောင့် ယူနတီဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦးကို နိုင်ငံတော် လျှို့ဝှက်ပေါက်ကြားမှုနဲ့ ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ ပခုက္ကူခရိုင်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။

အခုလို ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ် ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အိတ်ဖွင့်ပေးစာကို မြန်မာဂျာနယ်လစ်ကွန်ရက် MJN၊ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း MJA နဲ့ မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ MJU တို့က နိုင်ငံတော်သမ္မတထံ ဒီနေ့ ပေးပို့ သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ကလည်း အွန်လိုင်းလူမူကွန်ရက်တွေပေါ်မှာ ဘာသာရေး လူမျိုးရေး မုန်းတီးမှုတွေ အကြမ်းဖက်မူတွေ ပေါ်ပေါက်လာအောင် သွေးထိုးလှုံ့ဆော်နေသူတွေကို အရေးယူမူမရှိဘဲ တရားဝင်မီဒီယာအဖြစ် ရပ်တည်နေတဲ့ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးအရေးယူနေတာဟာ ဒီမိုကရေစီပြောင်း လဲရေးဖြစ်စဉ်နဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ခြိမ်းခြောက်ရာရောက်ကြောင်း ကြေညာချက်တစ်ရပ် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

သတင်းမီဒီယာသမားတွေရဲ့ ဒီကနေ့ ဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။