သမိုင်းသင်ခန်းစာယူဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း
2014.02.12

မြန်မာနိုင်ငံ သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား ညီအကိုမောင်နှ မတွေ ဝိုင်းဝန်းကြိုးပမ်းကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နေပြည်တော်မှာ ဒီနေ့ကျင်းပ တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို သဝဏ် လွှာ ပေးပို့လိုက်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ၆၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားမှာ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က နိုင်ငံတော်သမ္မတပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
“လွှတ်လပ်ရေး ရပြီးနောက်ပိုင်း တိုင်းရင်းသား အချင်ချင်းကြားတွင် ဖြစ်ပေါ်ခဲ့သည့် သံသယနှင့် ပဋိပက္ခများကြောင့် မိမိတို့နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင် အိမ်နီးချင်းနိုင်ငံများထက် နောက်ကျခဲ့ရပါသည်၊ အချုပ်အခြာအာဏာ ပိုင်စိုးရေးအတွက် နယ်ချဲ့နှင့် ဖက်ဆစ်တို့ကို တိုင်းရင်းသား ညီအစ်ကို မောင်နှမတို့၏ အသက်နှင့် သွေးများကိုရင်းကာ တွန်းလှန် တိုက်ခိုက်ခဲ့ရခြင်းကို အမြဲအမှတ်ရပြီး မြန်မာ့သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် ခါးသီးသော အတွေ့အကြုံများကို သင်ခန်းစာယူလျှက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းရေးတို့အတွက် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက် ကြိုးပမ်းကြရမည်ဖြစ်သည်”
ဒါ့အပြင် နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ့် ညှိနှိုင်းမှုတွေလည်း အောင်မြင်ခဲ့ပြီး ကေအိုင်အိုဌာနချုပ် လိုင်ဇာဒေသမှာကျင်းပခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ဖြစ်စဉ်မှာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့တယ်လို့လည်း သမ္မတရဲ့သဝဏ်လွှာမှာ ပါရှိပါတယ်။
ဒီအတောအတွင်း ပင်လုံစာချုပ်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ထာဝရမျှော်လင့်ချက် ပုံရိပ်ဖြစ်ကြောင်းနဲ့ လွတ်လပ်ရေး၊ တန်းတူရေးနဲ့ တရားမျှတရေးဆိုတဲ့ လူတိုင်းနဲ့ အကြုံးဝင်တဲ့ သင်္ကေတဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ထုတ်ပြန်တဲ့ ပြည်ထောင်စုနေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
ဒီနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဒို့ရိုးရာ စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင်လုံစာချုပ်အပေါ် ရပ်တည်ချက်ကို အခုလို ဖတ်ကြားခဲ့ပါတယ်။
“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်လုံစာချုပ်ဟာ စက္ကူပေါ်မှာရေးထားတဲ့ စာရွက်မျှသာ မဟုတ်ပါဘူး၊ ပြည်ထောင်စုကို လိုလားယုံကြည်တဲ့ မြန်မာနိုင်ငံသားအားလုံး ဟာ သွေးစည်းညီညွှတ်မှုကို ယုံကြည်ပါတယ်ဆိုပြီးတော့ နှလုံးသားပေါ်မှာ ထိုးထားတဲ့ ကတိကဝတ် ဖြစ်ပါတယ်ဟု လေးနက်စွာ ကောက်ချက်ပေးခဲ့ပါတယ်”
အင်္ဂလိပ် ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရရှိဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင် ၂၂ ဦး စုစုပေါင်း ၂၃ ဦးတို့ဟာ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို တညီတညွတ်တည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသားပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ ပျက်ကွက်ခဲ့ပြီး စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းခဲ့တာကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဟာ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ကြောင်းလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံဟာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်းနဲ့ အဲဒီအထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှစ်ချက်ဟာ အဓိကအကျဆုံး ဖြစ်ကြောင်းလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်၊ မန္တလေးနဲ့ မြစ်ကြီးနားမြို့တွေမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွေအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့နဲ့ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်နဲ့ သဘောထားတွေကို မသင်းသီရိက စုစည်းတင်ဆက်ထားတာကိုလည်း နားဆင်နိုင်ပါတယ်။