ကျပ်သိန်းတစ်ထောင် ဥပဒေကြမ်း သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်ကို ပြန်ပို့
လွှတ်တော်ကိုယ်စားလှယ်တွေ ငွေ ကျပ်သိန်း တစ်ထောင်အသုံးပြုပြီး ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားတဲ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်မထိုးပေးဘဲ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။
-
2013-12-11 -
-
-
လွှတ်တော်ကိုယ်စားလှယ်တွေ ငွေကျပ်သိန်း တစ်ထောင်အသုံးပြုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားတဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်မထိုးပေး ဘဲ ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။
အဲဒီဥပဒေကြမ်းကို လာမယ့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလမှာ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုမှာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက RFA ကို ပြောပါတယ်။
“အခြေခံဥပဒေမှာ ပြဌာန်းချက်အရ သမ္မတကြီး က ပြည်ထောင်စုလွှတ်တော်က ပေးပိုတဲ့ ဥပဒေဆိုလို့ရှိရင် ၁၅ ရက်အတွင်း လက်မှတ် မထိုးရင် သဘောထားမှတ်ချက်နဲ့ ပြန်ပို့လိုက်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က နောက်ထပ် အစည်းအဝေးမှာ ကျနော်တို့က သူ့ကိုအတည်ပြုပြီးတော့ သမ္မတကြီးကို လက်မှတ်ထိုးဖို့ ပြန်ပြီးတော့ ပို့ရမှာဖြစ်ပါတယ်၊ လကလည်း နည်းနေတယ်တဲ့အတွက် ကြိုတင်ပြင်ဆင်မယ်ဆိုရင်လည်း သူကဥပဒေနဲ့ မဆန့်ကျင်ပါဘူး၊ လက်ရှိဥပဒေမှာလည်း ဒါကိုသုံးမယ်ဆိုတာ အတည်ပြုပြီးသားဖြစ်တယ်၊ ပြည်ထောင်စု လွှတ်တော်က ပြန်လည်အတည်ပြုပြီးရင်တော့ သမ္မတကြီးက သဘောတူတဲ့ အခြေအနေသဘောမျိုးဖြစ်မယ် လို့ အခြေခံဥပဒေမှာ ပြဌာန်းထားတယ်”
ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်တစ်ခုကို ကျပ်သိန်းတစ်ထောင် သုံးစွဲခွင့်ကို ၂၀၁၂ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေမှာ အတည်ပြုပြီးဖြစ်ပါတယ်။
အဲဒီခွင့်ပြုငွေတွေကို မြို့နယ်ပေါင်း ၃၃၀ မှာ သောက်သုံးရေးရရှိရေး၊ ကျေးလက်တံတားပြုပြင်ရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦး ပြင်ဆင်ရေး၊ စာသင်ကျောင်းပြုပြင်ရေးစတဲ့ လိုအပ်ချက်တွေမှာ သုံးစွဲဖို့ခွင့်ပြုထားတာ ဖြစ်ပါတယ်။