နိုင်ငံရေး သဘောတူညီချက်တွေနဲ့အညီ အခြေခံဥပဒေပြင်ဖို့ သမ္မတ တိုက်တွန်း


2014.11.26
utheinsein-party-leaders-305.jpg ရန်ကုန်မြို့ ရန်ကုန်တိုင်းလွှတ်တော်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ တွေ့ဆုံကြစဉ်
Photo: Myo Zaw Ko/RFA

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးအပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေကနေ ပေါ်ထွက်လာမယ့် နိုင်ငံရေး သဘော တူညီချက်တွေကို ထင်ဟပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မှာ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီ ၆၇ ပါတီ ခေါင်းဆောင်တွေ ဒီကနေ့တွေ့ဆုံပွဲမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အခုလိုပြောကြားခဲ့တာ ဖြစ် ပါတယ်။

"လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ကနေ ပေါ်ထွက်လာမယ့် နိုင်ငံရေးဆွေးနွေးမှုများ ကနေ တိုင်းရင်းသား နိုင်ငံရေးအင်အားစုအားလုံးရဲ့ နိုင်ငံရေး သဘောတူညီချက်တွေကို ထင်ဟပ်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စတွေ ပါဝင်လာဖို့လိုပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးအတွက် အားလုံးမှာတာဝန်ရှိတယ်ဆိုတာ မှန်ပါတယ်၊ ဒါအထူးသဖြင့် ဥပဒေပြုရေးရဲ့ အဓိကမောင်းနှင် အားဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍက အထူးပဲအရေးကြီးတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်"

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံရေး စိတ်စေတနာအပြည့်နဲ့ အမျှော်အမြင်ကြီးကြီးထားပြီး အားသွန်ခွန်စိုက်ကြိုးစားဖို့ လိုအပ်တယ်လို့လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးပါတီခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး အပါအဝင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့နဲ့ နှစ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ သဘောတူညီထားပြီး ဖြစ်တယ်လို့လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

ဒါ့အပြင် ကျောင်းသားသမဂ္ဂတွေ ပေါ်ပေါက်ရေးကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီကနေ့ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၆၇ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ နိုင်ငံရေးပါတီတွေရဲ့ တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုမျိုးဇော်ကို ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။