တရုတ်နိုင်ငံသား ၅ ဦးအတွက် လျော်ကြေးပေးဖို့ သမ္မတရုံးအတည်ပြု
2015.04.03

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့နေရာကို မြန်မာ့ တပ်မတော်က တိုက်လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက် မှုမှာ တစ်ဖက်တရုတ်နိုင်ငံထဲကို ကျရောက်ပေါက်ကွဲ ပြီး သေဆုံးခဲ့တဲ့ တရုတ်နိုင်ငံသား ၅ ဦး အတွက် လျော်ကြေးပေးသွားမယ်လို့ နေပြည်တော်မှာ ရှိတဲ့ နိုင်ငံတော်သမ္မတရုံးက ဒီနေ့ အတည်ပြု ပြော ကြားလိုက်ပါတယ်။
တရုတ်နိုင်ငံသား ၅ ဦး သေဆုံးသွားတဲ့ အတွက် တောင်းပန်ခဲ့ပြီးဖြစ်ကြောင်းနဲ့ လျော်ကြေးကိစ္စ ညှိနှိှုင်းဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
"ကျနော်တို့လေယာဉ်တွေက ပစ်တဲ့ဟာဖြစ်တယ်၊ အဲ့ဒါမှန်တယ်၊ မှန်တာကို ကျနော်တို့ နိုင်ငံတော်က နည်းပညာ ကျွမ်းကျင်ပညာသူတွေလည်းပါတယ်၊ လက်ခံတယ် ကျနော်တို့ဘက်က အဲ့ဒီလိုမှားယွင်း ပစ်ခတ်တဲ့အတွက် လူသေသွားတယ်၊ ဝမ်းနည်းတယ် အဲ့ဒီအတွက်တောင်းပန်တယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့အတွက် ကျနော်တို့က တာဝန်ယူဖြေရှင်းပေးရမယ်၊ လောလောဆယ်တော့ ကျနော်တို့ ဘက်ကပစ်တယ်ဆိုတာမှန်တယ်၊ မှန်တဲ့အတွက်လည်း ကျနော်တို့ဘက်က တာဝန်ရှိတဲ့လူ တစ်ယောက်တောင်းပန်တယ်၊ ပြီးရင် အဲ့ဒီတာဝန်ရှိတဲ့အလျှောက် ဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်တယ် ၊ ကျန်တာတွေကတော့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်၊ ဒီလိုပဲ ပြောလို့ရမှာဖြစ်တယ်"
တရုတ်- မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ ပြီးခဲ့တဲ့မတ်လ ၁၃ ရက်နေ့က မြန်မာ့တပ်မတော်လေယာဉ်ရဲ့ ပစ်ခတ်လိုက်တဲ့ဗုံးဟာ တရုတ်နိုင်ငံပိုက်နက်ထဲ ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့တာပါ။
အဲ့ဒီကိစ္စအတွက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ တရုတ်အစိုးရကို မနေ့က တောင်းပန်ခဲ့ပါတယ်။
အခုလို မြန်မာလေတပ်က ကြဲချလိုက်တဲ့ဗုံးကြောင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ရတဲ့အပေါ် မြန်မာအစိုးရက ဝန်ခံတောင်းပန်လိုက်ပြီး လျော်ကြေးငွေပေးအပ်ဖို့ ကမ်းလှမ်းကတိပြုလိုက်ပေမဲ့ ဒီတိုက်ပွဲကြောင့် ပြည်တွင်းက ဒုက္ခရောက်ကြရတဲ့သူတွေနဲ့ သေဆုံးတဲ့သူတွေအပေါ်မှာ အစိုးရက လျစ်လျူရှုထားတယ်ဆိုတဲ့ ဝေဖန် ချက်တွေ ပေါ်ထွက်နေပါတယ်၊ ဒီအကြောင်း RFA ဝိုင်းတော်သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။