ခြောက်ပွင့်ဆိုင် မတွေ့ဆုံခင် ၄၈ ဦး ဆွေးနွေးဖို့ စီစဉ်


2015.04.07
utheinsein-305.jpg မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မတ်လ ၁၂ ရက်နေ့ က တွေ့ရစဉ်
Photo: myanmar president office

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဌ နှစ်ဦး၊ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အပါအဝင် ၄၈ ဦး ဆွေးနွေးပွဲကို မနက်ဖြန် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ ဖိတ်ကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုးနိုင်ဖို့၊ ၂၀၁၅ ရွေးကောက် ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အပါအဝင် ခေါင်းစဉ် ၃ ခု နဲ့ဆွေးနွေးဖို့ ဖိတ်ကြားထားတာဖြစ်တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်မယ့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ က ပြောပါတယ်။

ဒီတစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲဟာ လေး ကြိမ်မြောက်ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဥက္ကဌ ဦးခွန်ထွန်းဦးက အရင်တစ်ကြိမ်တွေ့ဆုံပွဲတုန်းက ထိရောက်မှုမရှိဘူးဆိုပြီး ဝေဖန်ပြောဆိုခဲ့သလို ဒီတစ်ကြိမ်လည်း မတက်ရောက်ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အခုလိုဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌတို့နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၄၈ ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။ လာမယ့် ဧပြီလ ၁၀ရက်နေ့မှာ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲရှိတယ်လို့ သိရပါတယ်။

မနက်ဖြန်ဆွေးနွေးပွဲကို တက်ရောက်မယ့် NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မြန်မာ့နိုင်ငံရေး အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က တောင်ဆိုထားတဲ့ ၆ ပွင့်ဆိုင်နဲ့ သမ္မတက တိုင်းရင်းသားတွေပါဝင်တဲ့ ၄၈ ဦးတွေ့ဆုံပွဲတွေ မကြာခင်ရက်ပိုင်းတွေအတွင်း ကျင်းပမှာမို့ ဒီဆွေးနွေး ပွဲတွေကနေ ဘယ်လိုရလဒ်ကောင်းတွေ ထွက်လာနိုင်ပါသလဲဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေရဲ့ အမြင်နဲ့ သဘောထားတွေကို RFA ဝိုင်းတော်သူ မသင်းသီရိက စုစည်းတင်ဆက်ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။