လွတ်တော်မှာ နိုင်ငံရေးဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်က ကေအဲန်ယူကို ပြောကြား

မြန်မာသမ္မတ ဦးသိန်းစိန်က ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့ကို ဇန်နဝါရီလ ၅ရက် မနေ့ညနေ က တွေ့ဆုံခဲ့ရာမှာ ကာလရှည် ကြာပြီဖြစ်သည့် မိမိတု့ိအချင်းချင်း လက်နက်ကိုင် ပဋိပက္ခတွေကို မိမိတို့လက်ထက်မှာ အဆုံးသတ်ပြီး သမိုင်းတွင်ရစ်မည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

2013.01.05
president-knu-305 သမ္မတဦးသိန်းစိန်နှင့် KNU ခေါင်းဆောင်များ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးစဉ်
Photo : President Office Website

ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အပစ်အခတ်ရပ်စဲရေးကနေ စတင်ခဲ့တဲ့တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်ရန်အတွက် မိမိတို့ KNU အဖွဲ့က ဆန္ဒရှိကြောင်း၊ နိုင်ငံတစ်ဝန်းမှာ အပစ်အခတ်ရပ်စဲမှုများ ရှိနေပြီဖြစ်ပေမယ့် ကချင်ပြည်နယ် ပဋိပက္ခကတော့ ငြိမ်းချမ်းရေးအတွက် အဟန့်အတား ဖြစ်နေကြောင်း၊ ကချင်ဒေသငြိမ်းချမ်းရေးအတွက် မိမိတို့ကူညီလိုကြောင်း ပြန်လည်ပြောကြားပါတယ်။

အဲဒီနောက် သမ္မတဦးသိန်းစိန်က သူ့အနေနဲ့ မြန်မာတပ်မတော်ကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရုံမှအပ စတင်တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရန် မှာကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့ရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ရာမှာ  မတူကွဲပြားမှုများကို ဖယ်ရှားပြီး တူသည်များကို ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအဆင့် ဆွေးနွေးဖို့အတွက် တိုင်းရင်းသား ကိုယ်စားလှယ်အားလုံး ပါဝင်တဲ့ လွှတ်တော်ဟာ ဆွေးနွေးရန် အကောင်းဆုံးနေရာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နေပြည်တော်က အဲဒီတွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်မယ့်ကိစ္စတွေကို တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတဦးသိန်းစိန်နှင့်အတူ မြန်မာအစိုးရဖက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး KNU ဖက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး(၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြတဲ့ ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်း တို့ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။