ငလျင်ဒဏ်ခံရတဲ့ စေတီပုထိုးတွေ ကို ဂရုတစိုက်အလေးထားဖို့ ညွှန်ကြား


2016.08.25
htinkyaw-bagan-620.jpg ပုဂံမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်မှာ ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ ဘုရားစေတီတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့ အစည်းအဝေးမှာ သမ္မတဦးထင်ကျော် ကို တွေ့ရစဉ်
Photo:Kyaw Htoon Naing/RFA

ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ ဘုရားတွေကို ရှင်းလင်းတဲ့အခါမှာ ရှေးဟောင်းစံတန်ဖိုးတွေကို ဂရုတစိုက် အလေးထားထိန်းသိမ်းဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ညွှန်ကြားလိုက်ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက ပုဂံမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုပြတိုက်မှာ ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ ဘုရားစေတီတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ သမ္မတဦးထင်ကျော်က တိုက်တွန်းလိုက် တာဖြစ်ပါတယ်။

"အခုလို အခါအခွင့်ရတုန်း အဆိုးထဲက အကောင်းဖြစ်အောင် ပြန်လည်ပြုပြင်လို့ရှိရင်တော့ တကယ့်ကို စနစ်တကျအချိန်ယူပြီးတော့ ပြင်ကြရမှာပါ၊ စနစ်တကျနဲ့ မှတ်တမ်းမှတ်ရာတွေယူပြီးတော့ တကယ့်ရှေး အမွေအနှစ်လက်ရာတွေ မပျက်အောင် အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှ လုပ်နိုင်သမျှ လုပ်သွားရမှာပါ၊ အဲ့ဒါလေး ကျနော်ပြောပါရစေ"

သမ္မတဦးထင်ကျော်က ပြည်တွင်းဘုရားဖူးတွေနဲ့ ပြည်ပကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေအတွက် ထိခိုက်မှု မရှိတဲ့ဘုရားတွေကို ဖွင့်ပေးဖို့အပြင် ထိခိုက်မှုရှိတဲ့ဘုရားတွေမှာပါ အတတ်နိုင်ဆံုံးကြည့်ရှု မှတ်တမ်းတင်ခွင့်ပေး ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုဟာ ဒီကနေ့ ပုဂံမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာ ဇော်မြင့်မောင် အပြင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူရဦးအောင်ကိုက ယူနက်စကို နဲ့ ပြည်တွင်း ပညာရှင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ပျက်စီးသွားတဲ့ စေတီပုထိုးတွေကို ပြုပြင်ရေး လုပ်ငန်းတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ ထီးလိုမင်းလိုဘုရား၊ စူဠာမဏိစေတီနဲ့ ဝက်ကြီးအင်း ဂူပြောက်ကြီးဘုရားတွေကို လည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ စပိန်နိုင်ငံသူ ကမ္ဘာလှည့် ဧည့်သည်ကိုလည်း ဂရုစိုက်ဖို့မှာကြားခဲ့ပါတယ်။

လက်ရှိအစိုးရအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လတုန်းက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ခေါင်းဆောင်တဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေစီမံခန့်ခွဲရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။