မကွေးတိုင်း ရေဘေးဒုက္ခသည် များ သမ္မတ ဦးထင်ကျော် တွေ့ဆုံ အားပေး
2016.08.07

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နဲ့ ပခုက္ကူ မြို့နယ်တွေက ရေဘေးဒုက္ခသည်တွေကို ဒီနေ့ သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။
မင်းဘူးမြို့နယ် အမှတ် ၄ ရပ်ကွက်က မှန်ကင်းကျောင်းတိုက် ဓမ္မာရုံမှာ ခိုလှုံနေတဲ့ ရေဘေးဒုက္ခသည်တွေ နဲ့ တွေ့ဆုံရာမှာ ရေကြီးရေလျှံမှုတွေ စဖြစ်တဲ့အချိန်ထက် နောက်ကျပြီးမှ ရောက်လာရတာကို တောင်း ပန်ကြောင်း ပြောကြားခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ မင်းဘူးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် က ပြောပါတယ်။
"တွေ့ဆုံတဲ့အခါမှာ သမ္မတကြီးကိုယ်တိုင်ပဲ ပြည်သူတွေကို အားပေးစကားပြောကြားတယ်၊ အားပေးစကားထဲမှာ အဓိကအားဖြင့် အခုလိုအချိန်မှ ရေဘေးရှောင်ပြည်သူတွေအတွက် ရေကြီးရေလျှံရက်တွေရဲ့ ရက်နောက်ပိုင်း မှာရောက်လာတာဖြစ်တာကို အများကြီးတောင်းပန်တဲ့အကြောင်း၊ ပြည်သူတွေ အနေနဲ့ အခုအချိန်မှာ သမ္မတကြီးနဲ့တွေ့ဆုံနေတဲ့အချိန်မှာ ပွင့်ပွင့်လင်းလင်း အခက်အခဲတွေကို တင်ပြနိုင်တဲ့အကြောင်း ဒါကိုတော့ သမ္မတကြီးက အဓိကပြောသွားပါတယ်၊ အဲ့ဒီလိုပဲနောက်ဆုံးမှာ သမ္မတကြီးက ဒီလိုမျိုးအခက်အခဲတွေ ကြုံတဲ့အခါမှာ တပ်မတော်နဲ့ အစိုးရနဲ့ပူးပေါင်းပြီးတော့မှ ရေဘေးသင့်တဲ့ပြည်သူတွေ၊ သဘာဝဘေးအန္တရာယ် ထိခိုက်တဲ့ပြည်သူတွေကို လက်တွဲကူညီပြီးတော့မှ ဆောင် ရွက်နေတာတွေ ရှိတဲ့အကြောင်းနဲ့ အားလုံး ညီညီညွတ်ညွတ်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့အကြောင်း သမ္မတကြီးက ဒါကိုအဓိကပြောတာပါ"
မင်းဘူးမြို့ မှန်ကင်းကျောင်းတိုက် ကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ၅ ရာနီးပါး လာရောက်ခိုလှုံနေတာဖြစ်ပြီး မင်းဘူး-စကုမြို့နယ်အတွင်းမှာ ရေဘေးဒုက္ခသည် ၁ သောင်းကျော် ရှိနေပါတယ်။
အဲ့ဒီရေဘေးဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ မျက်နှာသုတ်ပဝါ၊ အဝတ်အထည်နဲ့ ကျောင်းသုံးဗလာစာအုပ်တို့ကို အစိုးရဌာနဆိုင်ရာတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
သမ္မတ ဦးထင်ကျော်ဟာ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာနဲ့ သံကိုင်းကျေးရွာအကြား လမ်းမပေါ်မှာ ဖွင့်လှစ် ထားတဲ့ ကယ်ဆယ်ရေးစခန်းကို သွားရောက်ခဲ့သလို ပခုက္ကူမြို့နယ် ရေဘေးဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။
သမ္မတ ဦးထင်ကျော်နဲ့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး၊ ပညာရေးဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ တပ်မတော် အရာရှိတွေ၊ မကွေးတိုင်း အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။
လက်ရှိ မကွေးတိုင်းဒေသကြီး မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ မကွေး၊ ရေနံချောင်း၊ ချောက်၊ ပုခုက္ကူ၊ ရေစကြို၊ သရက်၊ မင်းလှ၊ အောင်လံနဲ့ ဆင်ပေါင်ဝဲ စတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေဘေးဒဏ်ခံနေရသူ ၄ သိန်းနီးပါးရှိနေပြီဖြစ်ပြီး မကွေးတိုင်းမှာ ရေဘေး ဒုက္ခရောက်နေသူ အများဆုံးဖြစ်ပါတယ်။
ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို ဆန်ရိက္ခာကူညီဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ်သိန်း ၅၂ဝ ကျော် လျာထားပါတယ်။
လက်ရှိ ဓနုဖြူမြို့နယ်နဲ့ ဟသာၤတမြို့နယ်က ကျေးရွာတစ်ရွာစီအတွက် ငွေကျပ် ၇၅ သိန်းဖိုး ဆန် ရိက္ခာတွေ ထောက်ပံ့ပေးထားတယ်လို့ ရေဘေးဒုက္ခသည်တွေကို တွေ့ဆုံကူညီပေးနေတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ အောင်သူရိန် က ပြောပါတယ်။
ဒေါက်တာအောင်သူရိန် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။