သမ္မတသီးသန့်ရန်ပုံငွေကို ရခိုင်အတွက် သုံးမည်
2017.02.03

ရခိုင်ပြည်နယ် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ ကျပ်သန်း ၃၆၅၀ ကျော် ခွဲဝေသုံးစွဲမယ်လို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကကို သဝဏ်လွှာပေးပို့ ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတက ပေးပို့တဲ့ အဲဒီသဝဏ်လွှာကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဖတ်ကြားခဲ့တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အခုစီမံကိန်းတွေဟာ ရခိုင်ပြည်နယ်တခုတည်းသာမက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ပါ အရေးပါတဲ့ကိစ္စရပ်ဖြစ်တယ် လို့ ပြောပါတယ်။
"အထက်ပါ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်ကိစ္စရပ်များဟာ ရခိုင်ပြည်နယ် တစ်ခုတည်းသာမက နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးအတွက်ပါ အရေးပါတဲ့ကိစ္စရပ်ဖြစ်တယ်ဆိုတာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်မှု ဗဟိုကော်မတီအနေနဲ့ အထူးကိစ္စတရပ်အဖြစ် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျား"
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း ၁၈ ခု အတွက် သမ္မတရဲ့ သီးသန့်ရန်ပုံငွေ ကျပ်သန်း ၃၆၅၀ ကျော် ခွဲဝေသုံးစွဲမှာဖြစ်ပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သမ္မရဲ့ သီးသန့်ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံရှိပြီး လက်ရှိအချိန်မှာ ကျပ် ၄၄ ဒသမ ၃၀ ဘီလီယံ ကျန်ရှိသေးတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် သမ္မတရန်ပုံငွေကနေ သုံးစွဲမယ့်ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စား လှယ်တွေအနေနဲ့ ဖေဖော်ဝါရီလ ၇ ရက်နောက်ဆုံးထားစာရင်းပေးရမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက က ပြောပါတယ်။