ငြိမ်းချမ်းရေးစာချုပ် ရှေ့လ လက်မှတ်ထိုးနိုင်ဖို့ ဦးသိန်းစိန် တိုက်တွန်း


2015.01.05
president-ethnic-armed-305.jpg နေပြည်တော် MICC 2 မှာ ဇန်နဝါရီလ ၅ ရက်နေ့က သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွ ၁၂ ဖဲ့ွ က ခေါင်းဆောင်တွေ တွေ့ဆုံကြစဉ်
Photo: Ye Htut Facebook

လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်တွေကို ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။

နေပြည်တော် MICC 2 မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွ ၁၂ ဖဲ့ွ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တိုက်တွန်းလိုက် တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

"ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်တွေကို ဒီအစိုးရ သက်တမ်း အတောအတွင်းမှာ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်နိုင်မှ နောင်တက်လာမယ့် အစိုးရတွေကျလို့ရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီးတော့ အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်မယ့်အကြောင်းပေ့ါလေ၊ တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လာမယ့် ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရေးထိုးနိုင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို သူ့အနေနဲ့ နှုတ်နဲ့ပြောတာမဟုတ်ဘဲနဲ့ အခိုင်အမာပြော ဆိုတယ်ဆိုတဲ့အကြောင်း သမ္မတကြီးကလည်း ပြောပါတယ်"

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံအပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ခေါင်းဆောင်တွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံတဲ့ပွဲကို ကရင်အမျိုးသားအစည်းအရုံး၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ၊ ပအိုဝ်းလွတ်မြောက်ရေးအဖဲ့ွချုပ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွ ၁၂ ဖဲ့ွက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖဲ့ွချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

နိင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ဒီကနေ့တွေ့ဆုံပွဲက ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိရဲ့ တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။