သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယား ရောက်ရှိ

သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်ကို ရောက်ရှိပြီး မနက်ဖြန်မှာ တောင်ကိုရီးယား သမ္မတ Lee Myung-Bak နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က ဆိုလ်းမြို့ပြင်ပတွင် တည်ဆောက်မည့် မြို့သစ်စီမံချက်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ကြည့်ရှုလေ့လာနေစဉ်။ AFP

သမ္မတ ဦးသိန်းစိန် နဲ့ သမ္မတ လီမြောင်ဘတ်တို့ တွေ့ဆုံဆွေးနွေးမှုမှာ နှစ်နိုင်ငံ ကုန်သွယ်ရေး  နဲ့ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင် နဲ့ သဘာ၀ အရင်းအမြစ် စတာတွေအပြင် တောင်ကိုရီးယား အတွက် အရေးကြီးတဲ့ မြောက်ကိုရီးယားနိုင်ငံ အရေးကိုလည်း ထည့်သွင်း ဆွေးနွေးမယ်လို့ အေအက်ဖ်ပီ သတင်းမှာ ဖေါ်ပြပါတယ်။ မြန်မာအစိုးရဟာ မြောက်ကိုရီးယား အစိုးရနဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိတာကြောင့် မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရက သိရှိလိုတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက တောင်ကိုရီးယား သမ္မတ မြန်မာနိုင်ငံ လာရောက် လည်ပတ်စဉ်မှာ မြန်မာအစိုးရ အနေနဲ့ မြောက်ကိုရီးယားထံက လက်နက်ဝယ်ယူတာတွေ မလုပ်တော့ဘူးဆိုတဲ့ ကတိမျိုး ပေးခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ မတွေ့ဆုံခင် ဒီကနေ့မှာတော့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထူးအလေးထား ချီးကျူး ပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီ ပြောင်းလဲမှု လှိုင်းကို ဘယ်လိုတိုင်းပြည်မှ အံတုလို့ မရကြောင်း၊ မြန်မာနိုင်ငံဟာလည်း ပြုပြင်ပြောင်းလဲရေး လမ်းစဉ်တွေကို အကောင်အထည် ဖေါ်နေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ပွင့်လင်းလာတဲ့မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမှာဖြစ်တယ်လို့ တောင်ကိုးရီးယားသမ္မတ လီမြောင်ဘတ်က ပြောကြားလိုက်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံကို သမ္မတ လီမြောင်ဘတ်ရဲ့ဖိတ်ကြားချက်နဲ့ ရောက်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ရဲ့ သုံးရက်ကြာ ခရီးစဉ်နဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org