သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၁ သောင်း ၁ ထောင့် ၅ ရာကျော်ထဲမှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၂၃၀၀ ကျော်၊ သားမယားအဓမ္မပြုကျင့်မှု (မုဒိန်းမှု)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၇၀၀ ကျော်၊ လုယက်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၅၀၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
မနေ့ကကျင်းပတဲ့ လွှတ်တော်ဆွေးနွေးပွဲအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ရဲ့ မေးမြန်းချက်ကို ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဖြေဆိုခဲ့တာဖြစ်ကြောင်း Eleven Media သတင်းကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြပါတယ်။
ဒါ့ပြင် သေဒဏ်ချမှတ်ခံထားရသူ ၁၈၁ ဦးရှိတဲ့ထဲက ၂၀၁၂ ခုနှစ်မှာ ၃၃ ဦး၊ ၂၀၁၄ ခုနှစ်မှာ ၇၁ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီးက လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။