နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ဥရောပ ခရီးစဉ်အတွင်းမှာ တိုင်းပြည်အခြေအနေ နဲ့ ပြည်သူတွေရဲ့ ဆန္ဒအပေါ်မူတည်ပြီး ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံဖို့ ဆုံးဖြတ်မယ်လို့ ပြော ကြားခဲ့တာကို ကန့်ကွက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု MDCF အဖွဲ့ဝင်တွေက ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
သမ္မတအနေနဲ့ လက်ရှိတာဝန်ယူထားတဲ့ကာလ မှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်နေတဲ့ အတွက် ကန့်ကွက်တာဖြစ်ကြောင်း MDCF အဖွဲ့ဝင် ကိုသိန်းအောင်မြင့်က ပြောပါတယ်။
"ပြည်သူတွေလည်း ထင်သာမြင်သာပြောဆို ဧရာဝတီမြစ်ဆုံကိုတောင် ပြီးဆုံးအောင် မရပ်နိုင်ဘူးဗျာ၊ သူ့သက်တမ်း တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ ရပ်တန့်ထားတဲ့အနေအထား ဖျက်သိမ်းလိုက်တဲ့ အနေအထားတွေကိုတောင် မဆောင်ရွက်နိုင်ဘူး၊ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေး အနေအထားတွေ၊ လက်ရှိအလုပ်အကိုင်ရှားပါးတဲ့ ပြဿနာတွေ၊ မြေယာ ကိစ္စတွေပေါ့နော်၊ အားလုံးမြင်တွေ့နေတယ်၊ မြေယာကိစ္စတွေလည်းမဖြေရှင်းဘူး၊ အဲ့ဒီတော့ အဲ့ကိစ္စတွေကို မဖြေရှင်းပဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်ကို တန်းပြီးတော့မျှော်မှန်းတယ်ဆိုတာ ဟာ တော်တော်စိတ်လည်းမကောင်းပါဘူး၊ ယနေ့ လက်တလောဖြေရှင်းရမယ့် ဒီကိစ္စတွေကို ဖြေ ရှင်းပြီးမှသာလျှင် နောက်အနာဂတ်ကို မျှော်မှန်းသင့်ပါတယ်"
ဆန္ဒပြပွဲမှာ တောင်သူလယ်သမားနဲ့ အလုပ်သမားအရေး ကူညီသူများအဖွဲ့နဲ့ MDCF က အဖွဲ့ဝင် ၁၄ ယောက် ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက လယ်ယာမြေပြဿနာ၊ အခြေခံလုပ်ခလစာ ပြဿနာကိုလည်း ဖြေရှင်းပေး ဖို့ တောင်းဆိုခဲ့ကြပါတယ်။