Premier Skills အစီအစဉ် ဒေါ်အောင်ဆန်းစုကြည် လာရောက်အားပေး

ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် မေလ ၂၂ ရက်နေ့က British Council မှ ကြီးမှူးပြုလုပ်သော Premier Skills (ဘောလုံးနည်းပြသင်တန်း) ကို  ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာအားပေးခဲ့စဉ်
ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် မေလ ၂၂ ရက်နေ့က British Council မှ ကြီးမှူးပြုလုပ်သော Premier Skills (ဘောလုံးနည်းပြသင်တန်း) ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာအားပေးခဲ့စဉ် (Photo: NLD Chairperson's)

ကမ္ဘာကျော် ပရီမီးယား လိဂ် ဗြိတိန်ဘောလုံးအသင်း က မြန်မာနိုင်ငံမှာ လူငယ်တွေကို လေ့ကျင့်ပေးနေတဲ့ Premier Skills အစီအစဉ်ဟာ အကျိုးများတဲ့အစီ အစဉ်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစုကြည် က ချီးမွမ်းပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း လူငယ်လေ့ကျင့်ရေးဌာနကို လာရောက် ကြည့်ရှုခဲ့ပြီး၊ မြန်မာလူငယ်တွေကို ဘော လုံးအားကစား နဲ့ ၊ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးနည်း လမ်းတွေ လေ့ကျင့် သင်ပြနေတဲ့ ပရီမီးယား လိဂ် နည်းပြတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲသလိုတွေ့ဆုံခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ရဲ့လူငယ်တွေ အတော်များများဟာ နက်ရှိုင်း တဲ့ ပြဿ နာတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်၊ အခု ဒီ Premier Skills အစီအစဉ်ဟာ ပညာရေးချို့တဲ့ မှု၊ အလုပ်လက်မဲ့၊ မစွမ်းမသန်ဘဝ စတဲ့ အခြေအနေတွေအောက်မှာ ရှိနေကြသူတွေအတွက် အများကြီး အထောက်အကူပြုမှာဖြစ် ပါတယ်၊ ဒီပြဿနာတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတဲ့ စိတ်ဓါတ် ရင့်ကျက် ကြံ့ခိုင်မှု နဲ့ နည်းလမ်းတွေကို လူငယ်တွေကြားမှာ အင်မတန်ရေပန်းစားတဲ့ ဘောလုံးအားကစားက ပံ့ပိုးပေးနိုင် ပါတယ်၊ ဒါ့ပြင် မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ရပ်ရွာဒေသတွေအဆင့်အထိ ဒီ Premier Skills အစီအစဉ် ရဲ့ အကျိုးကျေးဇူးတွေ ခံစားရဖို့ မျှော်လင့်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Premier Skills အစီအစဉ်ကို ပရီမီးယား လိဂ်၊ ဗြိတိသျှကောင်စီ နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ဒေသတွေက လူငယ်တွေကို မိမိကိုယ်မိမိ တည်ဆောက်ရေး၊ အလုပ်အကိုင်အတွက် ပြင်ဆင်ရေး၊ ရပ်ရွာဒေသဖွံ့ဖြိုးရေး ဆိုင်ရာ နည်းလမ်းတွေ လေ့ကျင့်ပေးနေကြောင်း သိရပါတယ်။

ပရီမီးယား လိဂ် အသင်းဟာ ဒီအစီအစဉ်ကို အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက တိုက်တွေက နိုင်ငံပေါင်း (၂၃) နိုင်ငံမှာ လေ့ကျင့်ပေးနေရာမှာ ဒီနှစ် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။