စစ်ကောင်စီတောင်းဆိုမှု လိုက်လျောမှာမဟုတ်လို့ PPST ပြောရေးဆိုခွင့်ရှိသူ ပြောကြား
2021.11.10

မြန်မာစစ်ကောင်စီ ငြိမ်းချမ်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်က နိုဝင်ဘာ ၉ ရက်နေ့စွဲနဲ့ အပစ်ရပ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကို ပေးပို့လိုက်တဲ့စာထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့အိုးအိမ်တွေ ဘာသာရေး အဆောက်အအုံတွေကို တိုက်ခိုက်တဲ့အတွက် ကန့်ကွက်ရှုတ်ချတယ်ဆိုပြီး PPST ရဲ့ နိုဝင်ဘာ ၅ ရက်နေ့ ကြေညာချက် အပိုဒ် ၆ မှာ ဖော်ပြခဲ့တာဟာ သူတို့စစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲတာဖြစ်ပြီး အဲဒီလို ကျူးလွန်မှုတွေမရှိဘူး၊ ဒါကြောင့် PPST ရဲ့ကြေညာချက်ဟာ NCA ကို ဖောက်ဖျက်ရာကျတယ်လို့ စွပ်စွဲထားပါတယ်။
တိုင်းရင်းသားအပစ်အခတ်ရပ်စဲရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခွန်မြင့်ထွန်း ကတော့ အခုလို စစ်ကောင်စီရဲ့ စွပ်စွဲချက်ဟာ မှားယွင်းနေတယ်၊ သူတို့ အနေနဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ ရရှိခဲ့တဲ့အတွက် NCA သဘောတူစာချုပ်အရ အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“NCA ရဲ့ အနှစ်သာရထဲမှာ အဓိကကျတဲ့အချက်ကတော့ ကျနော်တို့က ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အဲဒါ NCA ရဲ့ အခန်း (၁) အခြေခံမူများဆိုတဲ့အထဲမှာ ပြဌာန်းထားသလိုဘဲ အခန်း (၃) မှာလည်း အရပ်သားများကို အကာအကွယ်ပေးခြင်းဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတယ်။ ထိုနည်းတူပဲ တပ်မတော်နဲ့ရော ကျနော်တို့ တိုင်းရင်းသားတွေနဲ့ရော သဘောတူထားတဲ့ Code of Conduct နှစ်ဖက်စစ်သည်များ လိုက်နာရမယ့်ကျင့်ဝတ်တွေ ရှိပါတယ်။ အဲဒီကျင့်ဝတ်တွေအရ မဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီကိစ္စကို ပြောဆိုရတာက NCA သဘောတူညီချက်အရ ကျနော်တို့တာဝန်ရှိမှုအရ ထုတ်ဖော်ပြောရခြင်း ဖြစ်ပါတယ်”
NLD ပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝင်းအောင်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့တပ်ဖွဲ့တွေက အကြမ်းဖက် သတ်ဖြတ်ဖျက်ဆီးမှုတွေ နိုင်ငံအနှံ့ကျူးလွန်နေတာကို နိုင်ငံတကာက သိရှိပြီးဖြစ်တယ်လို့ ပြောပါတယ်။
“ဖေဖော်ဝါရီ ၁ ရက်က စပြီး ဒီနေ့အထိ ဆန္ဒပြတဲ့ပြည်သူတွေ ၁၂ဝဝ ကျော်ကို သတ်ပြီးပြီ။ လူပေါင်း ၆ ထောင်ကျော် ဖမ်းတယ်။ မြို့တွေပေါ်မှာ အိမ်တွေအကုန်လုံး ပစ်တယ် ဖျက်ဆီးတယ်။ ကားတွေ ဖျက်ဆီးတယ်။ နောက်ဘာသာရေးအဆောက်အအုံတွေ စာသင်ကျောင်းတွေ ဘာမှမခွဲခြားပဲ ရွာလုံးကျွတ် မီးရှို့တာတွေ ရှိတယ်။ စစ်ကောင်စီရဲ့ ကြေညာချက်က လျှာအရိုးမရှိတိုင်း ဗြောင်လိမ်နေကျပဲ။ သူကြေညာတယ်ဆိုရင် လူထုနဲ့ကမ္ဘာက ပြောင်းပြန်နားလည်နေကြတာပါပဲ”
မြန်မာ့အရေးလေ့လာသူ နိုင်ငံရေးသမား ဦးသန်းစိုးနိုင်ကလည်း ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့မှာ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အချက်အလက်တွေ သန်းနဲ့ချီ ရရှိထားပြီး ဖြစ်ပါတယ်။ PPST ရဲ့ ကြေညာချက်ဟာ ပြည့်စုံခြင်း မရှိပေမယ့် မှန်ကန်တဲ့အချက်ပါနေတယ်လို့ RFA ကို ပြောပါတယ်။
“PPST လိုအဖွဲ့မျိုးက အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီကို ပြောဆိုတယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပဲ။ စစ်ကောင်စီနဲ့ PPST က နှစ်ကိုယ့်တစိတ် ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ။ PPSTရဲ့ ကြေညာချက်မှာ သုံးထားတဲ့စကားလုံးက တော်တော်တိတိကျကျ ဘယ်လိုသုံးစွဲထားသလဲဆိုတော့ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်များနဲ့ ဘုရားကျောင်းကန် တန်ဆောင်းများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ထားတယ်ဆိုတဲ့ စကားလုံးပဲ ပါတယ်။ အဲဒီ စကားလုံးဟာ တကယ့် မြန်မာပြည်မှာ ဒီနေ့ဖြစ်နေတဲ့ အနေအထားထက် အများကြီးလျှော့ပြီးတော့ ဖြစ်ရပ်မှန်အတိုင်း မဖော်ပြရဲလို့ အဲဒီစကားလုံး သုံးလိုက်တာပါ။ တကယ် သုံးနေကျက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ဘုရားကျောင်းကန်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်လို့ ရေးရတာပါ။ PPST က အဲလိုတောင် မရေးရဲပါဘူး။ ဒါပေမဲ့ ဒီ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကတော့ အနာရှိတော့ အနာပေါ်တုတ်ကျ ဆွေ့ဆွေ့ခုန်တာပေါ့။ တကယ်တမ်း မြေပြင်မှာဖြစ်နေတဲ့ အချက်တွေကို ကျောခိုင်းပြီးတော့ ဒီလိုဆတ်ဆတ်ခါ နာနေတာကတော့ ရီစရာပြက်လုံးတခုလို့ ကျနော်ပြောချင်ပါတယ်”
အခုလို စစ်ကောင်စီဘက်က တောင်းဆိုသလို သူတို့ကြေညာချက်မှာ ပါဝင်တဲ့အချက်တွေကို PPST က လိုက်လျောပြင်ဆင်ပေးမှာလားလို့ RFA က ဦးခွန်မြင့်ထွန်းကို မေးမြန်းခဲ့ရာမှာတော့…
“စစ်ကောင်စီအနေနဲ့ အခုလို အာဏာသိမ်းခဲ့တာဟာ NCA ကို ချိုးဖောက်လိုက်တာဖြစ်သလို တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုတဲ့ သဘောထားကို ပြသလိုက်ရာလည်း ရောက်ခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ ဒီနေ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ရာမှာ အင်မတန် အခက်အခဲများစွာဖြစ်နေတယ်။ အဲဒီထဲမှာမှ ဒီနေ့အချိန်မှာ အင်မတန်စိတ်မကောင်းဖြစ်ရတာက တပြည်လုံးမှာ စစ်ကောင်စီတပ်တွေက ပြည်သူလူထုကို ရန်သူလို သတ်မှတ်ပြီး နှိပ်စက်နေတဲ့ ကိစ္စတွေ အထူးစိတ်မကောင်းဖြစ်ရပါတယ်။ ကျနော်တို့ PPST က ဒီလို ကြေညာချက်ထုတ်ရတာကလည်း ပြည်သူလူထုအပေါ်မှာ ဒါက ကျနော်တို့ရဲ့ ရပ်တည်မှုဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့အဖွဲ့အတွင်း အကြေအလည် ညှိနှိုင်းပြီးမှ ထုတ်ပြန်ထားတာ ဖြစ်တဲ့အတွက် ဒီသဘောထားအပေါ်မှာတော့ ကျနော့် တစ်ဦးတည်းအမြင်အရ ပြင်ဆင်ဖို့မရှိပါဘူး”
တဆက်တည်းမှာပဲ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပြည်သူတွေအပေါ် ဖိနှိပ်ကျူးလွန်မှုတွေကြောင့် သူတို့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေအနေနဲ့ NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ အင်မတန် ခက်ခဲသွားပြီဖြစ်ပါတယ်လို့လည်း ဦးခွန်မြင့်ထွန်း က RFA ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လတ်တလော ရရှိတဲ့ တုံ့ပြန်ချက်တချို့ ဖြစ်ပါတယ်။