စစ်တပ်ရဲ့အကြမ်းဖက်မှု ပြည်တွင်းစစ်မီးကို တောက်လောင်စေတယ်လို့ PPST ပြော

2021.05.27
စစ်တပ်ရဲ့အကြမ်းဖက်မှု ပြည်တွင်းစစ်မီးကို တောက်လောင်စေတယ်လို့ PPST ပြော ၂၀၂၁၊ မေ ၂၇ ရက်နေ့၊ အွန်လိုင်းကနေပြုလုပ်တဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေးကျင်းပနေစဉ်
Photo: NCA-S EAO

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အကြမ်းဖက်နည်းလမ်းနဲ့ ဖြေရှင်းနေတာဟာ၊ ပြည်တွင်းစစ်မီးကို တောက်လောင်စေတယ်လို့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ " PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောလိုက်ပါတယ်။

ဒီကနေ့ အွန်လိုင်းကနေ ပြုလုပ်တဲ့ အပစ်ရပ် ၁၀ ဖွဲ့ရဲ့ အစည်းအဝေး မိန့်ခွန်းမှာ အဲဒီလို ပြောလိုက်တာပါ။

စစ်ကောင်စီအုပ်ချုပ်တဲ့ လေးလနီးပါးကာလအတွင်း၊ ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နင်းတာ ကြောင့် ပြည်သူ ၈၀၀ ကျော်သေဆုံးပြိး၊ ၅၀၀၀ ကျော် ဖမ်းဆီးခံရတာကိုကြည့်ရင်၊ စစ်တပ်အနေနဲ့ နိုင်ငံတကာ နဲ့ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်မှုရပ်တန့်ရေး တောင်းဆိုချက်တွေကို မထီမဲ့မြင် ပြုနေတာ တွေ့ရတယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသွားပါတယ်။

စစ်ကောင်စီရဲ့ နည်းလမ်းမမှန်တဲ့ အုပ်ချုပ်မှုကြောင့် ပြည်တွင်းအခြေအနေ ယိုယွင်းပြီး၊ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာညှိုးနွမ်း မျက်နှာငယ်နေရတယ်၊ ဧပြီ ၂၄ အာဆီယံအဖွဲ့ရဲ့ ဂျကာတာအစည်းဝေး ရလဒ် ငါးချက်ကို အခုထိ အကောင်အထည် မဖော်နိုင်တာဟာလဲ၊ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းရာမှာ အဟန့်အတားဖြစ်စေတယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ် က ဆိုပါတယ်။

PPST အဖွဲ့ဟာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေကို ရပ်တန့်ထားမယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ မိန့်ခွန်းမှာ ပြောထားပါတယ်။

PPST မှာပါဝင်တဲ့ အပစ်ရပ် ၁၀ ဖွဲ့ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကရင့်အမျိုးသားအစည်းအရုံး KNU၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ကရင်အမျိုးသား အစည်းအရုံးနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNU/KNLA၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNO၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LUD တို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။