ပုပ်ရဟန်းမင်း ဖရန်စစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမည်


2017.10.11
pope-francis-622.jpg ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ပုံ
.

ရိုမန်ကက်သလစ် ခရစ်ယန်ဘာသာဝင်တွေရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း မြန်မာစစ်တပ် ခေါင်းဆောင်တွေ၊ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ တွေ့ဆုံမှာဖြစ် သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၂ရက်နေ့အထိ ခရီးစဉ်အရ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ ကို ရောက်ရှိမှာပါ။ နောက်တနေ့ နိုဝင်ဘာ ၂၈ ရက်၊ နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံရေးသမားတွေနဲ့ သံတမန်တွေနဲ့တွေ့ဆုံပြီး ခရီးစဉ်နဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားဖွယ်ရှိ သလို၊ အဲဒီတွေ့ဆုံပွဲကို မြန်မာစစ်တပ်ခေါင်းဆောင်တွေလည်း တက်ရောက်ကြမယ်လို့ မျှော်လင့်ရကြောင်း ဗာတီကန် အကြီးတန်းအရာရှိတဦးက ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ပုပ်ရဟန်းမင်းဟာ နိုဝင်ဘာ ၂၉ရက်နေ့မှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နဲ့ တွေ့ဆုံပြီး၊ မိန့်ခွန်းတရပ် တင်ပြလျှောက်ထားမယ်လို့ သိရပါတယ်။

ပုပ်ရဟန်းမင်းရဲ့ ခရီးစဉ်ဆောင်ပုဒ်က ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ ဘာသာမတူသူတွေကြားက မေတ္တာ တရားဖြစ်တဲ့အတွက် အဲဒီအကြောင်းတွေ ဟောပြောဖွယ်ရှိတယ်လို့ သတင်းမှာဖေါ်ပြပါတယ်။

ရိုမန်ကက်သလစ်ဘာသာဝင်တွေနဲ့တွေ့ဆုံပြောဆိုပြီးတဲ့နောက် ပုပ်ရဟန်းမင်းဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ ဘာသာပေါင်းစုံတွေ့ဆုံပွဲကျင်းပမယ်လို့ သိရပါတယ်။

နှစ်နိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံ ဟောပြောမှာ မဟုတ်ပေမဲ့၊ အနည်းဆုံးတော့ သူတို့တွေရဲက ဆင်းရဲဒုက္ခတွေကို ထည့်သွင်းပြောဆိုဖွယ်ရှိတယ်လို့ အေပီ သတင်းကဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။