ပုဏ္ဏားကျွန်းမှာ တပ်မတော်ကခေါ်သွားတဲ့ ရာအိမ်မှူးနှစ်ယောက် ပြန်လွတ်


2019.06.02
ponnagyun-622.jpg ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ဆိုင်းဘုတ်
Photo: RFA

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီကျေးရွာသား ရာအိမ်မှူး နှစ်ယောက်ကို မနေ့က တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

အသက် ၅၆ နှစ်အရွယ် ဦးစံသိန်းလှ အသက် ၄၆ နှစ်အရွယ် ဦးအောင်စံလှိုင်တို့ နှစ်ယောက်ကို မနေ့ညနေ ၃ နာရီလောက်မှာ တပ်မတော်က ခေါ်သွားပြီးနောက် ၁ နာရီခန့်အကြာ ညနေ ၄ နာရီလောက်မှာ ရွာကို ပြန်ရောက်လာတာဖြစ်တယ်လို့ ဦးခင်မောင်လတ်က RFA ကို ဒီနေ့ပြောပါတယ်။

မနေ့က ဆင်သီကျေးရွာကို တပ်မတော်စစ်ကြောင်း ရောက်လာပြီး ရွာသူ၊ ရွာသားတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပြီးတဲ့နောက် အဲဒီကျေးရွာသား နှစ်ယောက်ကို တပ်မတော်က လမ်းပြခိုင်းတာဖြစ်ပြီး ကောင်းကောင်းမွန်မွန် ပြန်ရောက်လာကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်သွားတာ မရှိကြောင်းနဲ့ ဆင်သီကျေးရွာသား နှစ်ဦးကို ဆက်လက် စစ်ဆေးမေးမြန်ဖို့ လိုအပ်တာကြောင့် ခေါ်ဆောင်သွားတာဖြစ်ကြောင်း RFA ကို မနေ့က ပြောဆိုထားပါတယ်။

ဆင်သီကျေးရွာနားမှာရှိတဲ့ သြရမတောင်တန်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ်နေတာ တစ်လကျော်ကြာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။