မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်ရန် စီစဉ်ပေးဖို့ ကျားခေါင်းပါတီ တောင်းဆို


2017.03.29
polling-station-620.JPG ရှမ်းပြည်နယ်အတွင်းက မဲရုံတစ်ရုံကို တွေ့ရစဉ်
Photo: Kan Thar/RFA

မဲရုံတွေ နေရာရွှေ့ပြောင်းထားတဲ့ ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်ရဲ့ ကျေးရွာအုပ်စု (၃) ခုက မဲဆန္ဒရှင်တွေ အဆင်ပြေပြေမဲပေးနိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေး စီစဉ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ရွေးကောက်ပွဲကော်မရှင်ထံ မနေ့က တောင်းဆိုလိုက်ပါတယ်။

တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ကော်မရှင်က အကြောင်းမပြန်သေးကြောင်းနဲ့ မဲရုံတွေ ရွေ့ပြောင်းခံရတဲ့ ကေျးရွာတွေက ပြည်သူတွေအနေနဲ့ တန်းတူအခွင့်အရေး မရတာဖြစ်ကြောင်း SNLD ရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် က ပြောပါတယ်။

"အခုထက်ထိ ဘာမှ မတုန့်ပြန်သေးပါဘူးခင်ဗျ။ လုပ်မယ့်သဘောလည်း ရှိပုံမရပါဘူး။ တမင်သက်သက် ကန့်သတ်ထားတာဆိုတော့ ဒါဘယ်ကူညီပေးတော့မလဲ။ တချို့ရွာတွေဆို ၁၈ မိုင်လောက်လာပြီးတော့ မဲပေးရမယ်။ အနီးဆုံးရတဲ့ မဲရုံက ၃ မိုင်လောက် လာရမယ်။ အခြားမဲဆန္ဒရှင်တွေနဲ့ဆိုရင် သူတို့က အများကြီး ဒုက္ခရောက်တာပေါ့။ တန်းတူညီမျှ အခွင့်အရေး မရဘူးပေါ့။"

မိုင်းရှူးမြို့နယ် မော်မယ့်၊ ကွန်ကျောင်းနဲ့ ဝမ့်လွယ် ကျေးရွာအုပ်စုတွေမှာ နယ်မြေလုံခြုံရေးအရ တရားမျှတတဲ့ မဲဆွယ်ခွင့်မရှိလို့ဆိုပြီး အဲဒီကျေးရွာတွေက မဲရုံ ၅ရုံကို ဖျက်သိမ်းဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲကော်မရှင် ကို တင်ပြခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရုံတွေကို မဖျက်သိမ်းပေမယ့် မဲရုံတွေကို နေရာ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကျေးရွာအုပ်စု ၃ ခုမှာ မဲပေးပိုင်ခွင့်ရှိသူ ၄ ထာင်ရှိတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းလိုက်တဲ့ မဲရုံတွေဟာ မူလ မဲရုံနဲ့ အနည်းဆုံး (၃) မိုင်ကနေ အများဆုံး (၁၈) မိုင်အထိ ကွာဝေးသွားတယ်လို့ SNLD ရဲ့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

မဲရုံတွေ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်တာဟာ မဲဆန္ဒရှင်တွေရဲ့ မဲပေးခွင့်ကို ကန့်သတ်လိုက် တာဖြစ်တယ်လို့ အဲဒီ တောင်းဆိုချက်မှာ ပါရှိပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မိုင်းရှူးမြို့နယ်အတွင်း ပြည်သူ့ လွှတ်တော် ၁ နေရာနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ် ရမှာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မိုင်းရှူးမြို့နယ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ၀ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီ တို့က ကိုယ်စား လှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။