နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့အလုပ်မဟုတ်၊ နိုင်ငံရေး လုပ်သူတချို့ကသာ ညစ်ပတ်ကြတာဖြစ်ကြောင်း၊ လူငယ်တွေအနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားကြစေ လိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။
ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ မနေ့ညကကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁ဝဝ)ပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့တာပါ။
"ဒီမိုကရေစီရဖို့ ကြိုးစားတယ်ဆိုတာ အများအတွက်ကြိုးစားတာဖြစ်ရပါလိမ့်မယ်၊ ကိုယ်တစ်ဦးတစ်ယောက်အတွက် ကိုယ့်အဖွဲ့ အစည်းအတွက်သာ ကြိုးစားမယ်ဆိုလို့ရှိရင် ဒီမိုကရေစီဆိုတဲ့ စိတ်ဓါတ်နဲ့ကို ဆန့်ကျင် ရာရောက်ပါတယ်၊ နိုင်ငံရေးနဲ့ပတ်သက်လို့လည်း တချို့ကလည်း နိုင်ငံရေးကပဲ မကောင်းသလိုလို ပြော တဲ့အခါကျတော့ ဖေဖေက ဒီကိစ္စကိုလည်းပြောခဲ့ဖူးပါတယ်၊ နိုင်ငံရေးက ညစ်ပတ်တာမဟုတ်ဘူး ၊ နိုင်ငံရေးလုပ်တဲ့သူတချို့ကသာ ညစ်ပတ်တာလို့ ပြောပါတယ်၊ ပြည်သူတွေကနေပြီးတော့ သန့်ရှင်း တဲ့နိုင်ငံရေး တကယ့်နိုင်ငံပေါ်မှာစေတနာထားတဲ့ နိုင်ငံမျိုးကိုလုပ်ပြပါ၊ အဲ့ဒီလုပ်နိုင်တာကိုလည်း ဂုဏ်ယူကြပါ"
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်ကျင်းပတာဟာ လူတစ်ယောက်ကို ဂုဏ်ပြုတယ်ဆိုတာထက် အရည်အချင်းကို ဂုဏ်ပြုတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာရောက်ရှိဖို့အတွက် အားလုံးက ဝိုင်းဝန်း ကြိုးစားရမှာဖြစ်ကြောင်း၊ အခုလို တိုင်းပြည်မှာ အရည်အချင်းရှိတဲ့ လူငယ်တွေ အများအပြားလိုအပ်နေချိန်မှာ လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာထားပြီး ကြိုးစားကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
မနေ့ညက ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁ဝဝ ပြည့် မွေးနေ့အကြို ဂုဏ်ပြုဖျော်ဖြေပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လူငယ် (ဗဟို)က ဦးဆောင်ကျင်းပတာဖြစ်ပြီး သီးလေးသီးအငြိမ့်အဖွဲ့က သီချင်း၊ ပြဇာတ်တွေ နဲ့ ဖျော်ဖြေခဲ့ကြပါတယ်။