ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေးဖို့ ထောင်တွင်းမှ တိုက်တွန်း
ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထင်ကျော်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့အရေးကိုဖြေရှင်းဖို့ အကျဉ်းထောင်ထဲကနေ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
-
2010-11-27 -
-
-
ကိုထင်ကျော်ဟာ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံထားရပြီး လက်ရှိ စစ်ကိုင်းတိုင်း ခန္တီးထောင်မှာ အကျဉ်းကျခံနေရပါတယ်။
အခုလို တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူ မသန်းသန်းမော်နဲ့ အမှာစကား ပါးလိုက်တာပါ။ ဒါ့အပြင် ကိုထင်ကျော်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် သတင်းစကား ပါးလိုက်တယ်လို့ ဇနီးသည် မသန်းသန်းမော်က ပြောပါတယ်။
“ကိုထင်ကျော့် သဘောထားလေးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့ တေ့ွဆုံဆွေးနွေးကြမယ့် ကိစ္စကို သူ့အနေနဲ့လည်း ဝမ်းပမ်းတသာ တောင်းဆိုလိုက်တယ်ပေါ့။ သူ့ရဲ့ နိယာမလေး တခုတော့ ကျမကို ထုတ်ပေးလိုက်တယ်။ ဒါလေးကိုလည်း ဒီမိုကရေစီ လှုပ်ရှားနေတဲ့သူတွေ အားလုံး သိအောင် ပြောပြပေးလိုက်ပါတဲ့။ သူရေးထားကတော့ D= TS2။ ဒီ ဆိုတာက Democracy ဒီမိုကရေစီပေါ့။ တီ ဆိုတာက Trust ယုံကြည်မှုပေါ့။ အက်စ် ဆိုတာက Stemina သက်လုံပေါ့။ ဒီမိုကရေစီ ကိုလိုချင်ရင် ယုံကြည်မှုနဲ့ အားကောင်းတဲ့ သက်လုံနဲ့ မြှောက်လိုက်လို့ရှိရင် ဒီမိုကရေစီဆိုတာ ရနိုင်ပါတယ်ပေါ့။ အဲဒီ သဘောတရားလေးပါ”
လောလောဆယ် ကိုထင်ကျော်ဟာ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူနဲ့ တတိုက်တည်း အတူ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုတင်ထူးအောင်ကတော့ ခါးနာဝေဒနာ ခံစားနေရပြီး ဆေးကုသမှု လုံလုံလောက်လောက် မရရှိဘူးလို့ သိခဲ့ရကြောင်း ကိုထင်ကျော်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
“သူနဲ့အတူတူ ဘေးချင်းအခန်းပေါ့။ နိုင်ငံရေးအကျဉ်းသား ရခိုင်အမျိုးသားလေး တင်ထူးအောင်ကတော့ ခါးနာလို့ ဆရာဝန်လာတော့ ဓာတ်မှန်ရိုက်ဖို့ လိုတယ်တဲ့။ လိုတယ်သာ ပြောသွားတာ ခုထိလည်း ဓာတ်မှန် မရိုက်သေးဘူး။ ဆေးကုသမှုလည်း မရှိသေးဘူး ဆိုတာကိုတော့ သူပြောလိုက်ပါတယ်”
ခန္တီး အကျဉ်းထောင်ကို အပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးလည်း ရှိနေတယ်လို့ သိရပါတယ်။