ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဟာမိတ်ကော်မတီဖွဲ့

ရွေးကောက်ပွဲဝင်မယ့် အတိုက်အခံ ဒီမိုကရေစီနဲ့ တိုင်းရင်းသားပါတီ (၆) ခုက ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီး ဥပဒေပြုရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် မဟာမိတ် ကော်မတီတရပ် ဖွဲ့ဖို့ ဒီကနေ့ သဘောတူလိုက်ပါတယ်။

မြန်မာစစ်အစိုးရ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်၏ ရန်ကုန်မြို့လည်ကောင် ရပ်ကွက်ရုံးခွဲတခု အပြင်ဘက်မှ မြင်ကွင်းဖြစ်ပါသည်။ (Photo: AFP)
မြန်မာစစ်အစိုးရ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်၏ ရန်ကုန်မြို့လည်ကောင် ရပ်ကွက်ရုံးခွဲတခု အပြင်ဘက်မှ မြင်ကွင်းဖြစ်ပါသည်။ (Photo: AFP) (AFP)

0:00 / 0:00

ရွေးကောက်ပွဲအောင်နိုင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ ဖွဲ့စည်းဖို့ ဒီကနေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေးက ဒီသဘောတူချက်နဲ့ ပတ်သက်ပြီး အာအက်ဖ်အေကို ပြောပါတယ်။

"ရွေးကောက်ပွဲမှာကျနော်တို့ ပါတီ ၆ ပါတီကနေ လွှတ်တော်သုံးရပ်မှာ ဝင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက်ကို ထုတ်ပြန်ကြေညာပါတယ်။ ကြေညာပြီးတော့ မျိုးဆက်သစ် အင်အားစုတွေကို ပြည်သူလူထုက တခဲနက် ထောက်ခံမဲပေးကြဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်းလည်း ပါပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဓိက ဆိုပြီးတော့ တန်းတူညီမျှ ဖြစ်စေရေးဆိုတဲ့အချက်နဲ့ ပူးတွဲဆောင်ရွက်မယ်ဆိုတဲ့ အချက်လည်း ပါပါတယ်။ ဥပဒေပြုရေး ဆိုင်ရာမှာလည်း ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီသည် လွှတ်တော်ထဲ ရောက်သွားတဲ့အခါမှာလည်း ဥပေဒပြုရေးဆိုင်ရာ လုပ်ငန်းရပ်များကိုလည်း ပြည်သူလူထု အကျိုးအတွက် ထိထိရောက်ရောက် ပြတ်သားစွာ ပူးပေါင်းဆောင်ရွက်ကြရန် ဆိုတဲ့ သဘောတူညီချက်လည်း ပါပါတယ်။ နောက် လွှတ်တော်ထဲမှာလည်း အပြန်အလှန်ထိန်းကျောင်းမှု ဆိုတဲ့ နိုင်ငံရေး စနစ်သစ်တခု ပေါ်ထွန်းလာရေးအတွက်လည်း ၆ ပါတီ သဘောတူညီပြီး လက်မှတ် ထိုးထားပါတယ်"

စစ်အစိုးရပါတီ ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ အရင် ဆိုရှယ်လစ်လမ်းစဉ် (မဆလ) ပါတီကနေ အသွင်ပြောင်းခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတွေနဲ့ ဒီမိုကရေစီမိတ်ဖက် ပါတီတွေဟာ သီးခြား တဖက်စီဆိုတာ ရွေးကောက်ပွဲအတွင်း ပြည်သူလူထု ရှင်းရှင်းလင်းလင်း သိအောင် အဓိက ဆောင်ရွက်မှာဖြစ်တယ်လို့ ဦးသိန်းဌေးက ဆိုပါတယ်။

ဒီ လှုပ်ရှားမှု အားလုံးကို မိတ်ဖက်ပါတီတွေ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ ချင်းအမျိုးသားပါတီ ခေါင်းဆောင်အားလုံးက သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒီမိုကရေစီ မိတ်ဖက်ပါတီ (၆) ပါတီဟာ အမျိုးသားလွှတ်တော်မှာ ၆၈ ဦး၊ ပြည်သူ့လွှတ်တော်မှာ ၁၇၆ ဦးနဲ့ တိုင်းဒေသကြီးမှာ ၁၅၂ ဦး ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေးကို မအင်းကြင်းနိုင် ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။