အင်းစိန်ထောင်ထဲ နိုင်ငံရေးအကျဉ်းသား ၁၅၀ ခန့် အစာငတ်ခံ ဆန္ဒပြ

2022.02.14
အင်းစိန်ထောင်ထဲ နိုင်ငံရေးအကျဉ်းသား ၁၅၀ ခန့် အစာငတ်ခံ ဆန္ဒပြ ရန်ကုန်မြို့ အင်းစိန်ထောင် အဝင်ဝကို ၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြို့ အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသား ၁၅၀ ခန့်ဟာ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့အထိ အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ နိုင်ငံရေး အကျဉ်းသားများအဖွဲ့က ပြောပါတယ်။

အပြင်က သပိတ်မှောက်လှုပ်ရှားမှုတွေနဲ့အတူ ပူးပေါင်းလုပ်နေတယ်ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ အစာငတ်ခံ ဆန္ဒပြခဲ့ကြတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးထွန်းကြည်က RFA ကို ပြောပါတယ်။

“လုပ်ရတဲ့ရည်ရွယ်ချက်က အပြင်မှာရှိနေတဲ့ သပိတ်လှုပ်ရှားမှုနဲ့အတူ၊ ပြည်သူလူထုနဲ့ အတူ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို သတင်းစကားပါးပြီးတော့ လုပ်ခြင်းဖြစ်ပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချုပ်ငြိမ်းရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ရည်ရွယ်ပြီးလုပ် တာပါ”

ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၄ ရက်အထိ သုံးရက်ကြာ အစာငတ်ခံဆန္ဒပြမယ့်အကြောင်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအဖွဲ့တွေထံ စာနဲ့အကြောင်းကြားထားပြီးဖြစ်သလို ဒီလိုဆန္ဒပြမှုအပေါ် စစ်အုပ်စုနဲ့ ပြောဆိုဆွေးနွေးညှိနှိုင်းတာ မလုပ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ မတရားမှုတွေကို တုံ့ပြန်တာလို့ ထောင်တွင်းက အကြောင်းကြားစာမှာ ပါရှိပါတယ်။

သူတို့ရဲ့လှုပ်ရှားမှုကို ပြည်သူလူထုအနေနဲ့ အားပေးဝန်းရံပေးကြဖို့နဲ့ ဒီမိုကရက်တစ် လူ့ဘောင်သစ်တစ်ခုအတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းတောင်း ဆိုထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကလည်း အင်းစိန် ထောင်ထဲက နိုင်ငံရေး အကျဉ်းသား ၁၅ဝ နီးပါးဟာ လေးရက်ကြာ ထောင်ထမင်း၊ ဟင်းမစားဘဲ ဆန္ဒပြခဲ့ကြပါသေးတယ်။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေကတော့ အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြနေတယ်ဆိုတာ မမှန်ဘူးလို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က RFA ရဲ့ မေးမြန်းမှုကို တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်လှုပ်ရှားမှုမှာလည်း အပြင်မှာရှိနေတဲ့ ပြည်သူလူထုရဲ့ လှုပ်ရှားမှုတွေအတိုင်း အင်းစိန်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခဲ့ကြပါတယ်။

အဲလိုပါဝင်ခဲ့လို့ ထောင်အာဏာပိုင်တွေရဲ့ နှိပ်စက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၂၀ ခန့် ဒဏ်ရာရခဲ့ကြသလို တချို့သတိလစ်သွားခဲ့ပေမယ့် ဆေးဝါးကုသခွင့် မရခဲ့ဘူးလို့ နိုင်ငံရေး အကျဉ်းသားများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖေဖော်ဝါရီ ၁၁ ရက်အထိ လူပေါင်း တစ်သောင်း နှစ်ထောင် (၁၂၀၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။