နိုင်ကျဉ်းဟောင်း အမျိုးသမီးတစ်ဦး ထပ်မံဖမ်းဆီးခံရ

သာယာ၀တီအကျဉ်းထောင်ကနေ ပြန်လွတ်တာ မကြာသေးတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မခင်စုစုလှိုင် (ခေါ်) မားစု ထပ်မံဖမ်းဆီးခံရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက စက်တင်ဘာ ၂၈ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က နေအိမ်မှာရှိနေချိန် မခင်စုစုလှိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းအချိန်မှာ လာဖမ်းသွားတာလို့ ဆိုပါတယ်။
မခင်စုစုလှိုင် အခုလို ထပ်မံဖမ်းဆီးခံလိုက်ရတာ မှန်ကန်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေအရေး ဆောင်ရွက်ပေးနေတဲ့ အမှုလိုက်ရှေ့နေတစ်ဦးက RFA ကို အတည်ပြုပါတယ်။
“ဟုတ်ပါတယ်။ သူက ၅ လပိုင်း ၃ ရက်နေ့က ပြန်လွတ်ထားတာပါ။ အဖမ်းခံရတာကို သူ့မိသားစုဝင်တွေဆီက အတည်ပြုချက် ရထားပါတယ်”
မခင်စုစုလှိုင်ဟာ ၂၀၂၁ ခုနှစ်က ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က)နဲ့ ထောင်သုံးနှစ် ချမှတ်ခံရပြီး အခုနှစ် မေလထဲမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တာပါ။
အခုတစ်ကြိမ် ထပ်မံဖမ်းဆီးခံရတာက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာတင်တဲ့ အကြောင်းအရာတစ်ခုကြောင့် ဖြစ်နိုင်တယ်လို့ မခင်စုစုလှိုင် မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
မခင်စုစုလှိုင်နဲ့အတူ နောက်ထပ်လေးဦးလည်း ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်နေပြီး အတည်ပြုနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။
ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ စစ်ကောင်စီကို ဝေဖန်ခဲ့တဲ့အတွက် စက်တင်ဘာလ ၁၆ ရက်ကနေ ၂၂ ရက်အထိ တစ်ပတ်အတွင်းမှာတော့ အရပ်သား ၂၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာလ ၂၇ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၉,၂၇၈ ဦး ဖမ်းဆီးခံထားရပါတယ်။