နိုင်/ကျဉ်း ဒုတိယအကြိမ်တွေ့ဆုံ

နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွဲနဲ့ လုပ်ငန်းကော်မတီ ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခမ်းမမှာ ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွဲနဲ့ လုပ်ငန်းကော်မတီ ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခမ်းမမှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပနေစဉ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများ ဒုတိယအကြိမ်တွေ့ဆုံပွဲနဲ့ လုပ်ငန်းကော်မတီ ပြန်လည်ရွေးချယ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ သီရိခမ်းမမှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပနေစဉ်။ (Photo courtesy of Political Prisoners facebook)

ဒီတွေ့ဆုံပွဲမှာ NLD ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းသားဟောင်း (၅၀၀) နီးပါး တက်ရောက်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ ကြီးမားတဲ့ဒုက္ခတွေ ခံစားခဲ့ရပြီး ဒါဟာ တရက် တလ တနှစ်နဲ့ ဖြေရှင်းလို့ ရတဲ့ ကိစ္စ မဟုတ်ကြောင်း၊ လူမှုဘဝတွေ ဆုံးရှုံးခဲ့ရတာကြောင့် သူတို့အတွက် ကူညီရေး လုပ်ငန်းတွေကို တူညီတဲ့ ဆုံးဖြတ်ချက်တွေနဲ့ တညီတညွတ်ထဲ ရှေ့ဆက်လုပ်ဆောင်ဖို့ လိုကြောင်း NLD ပါတီခေါင်းဆောင် ဦးတင်ဦးက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသား ကူညီရေးကော်မတီ အဖွဲ့အစည်းတွေအနေနဲ့ အလွှာစုံက နိုင်ငံရေးအကျဉ်းသား ဟောင်းတွေရဲ့ ဒုက္ခ အခက်အခဲတွေကို ကူညီဆောင်ရွက်သွားဖို့ရှိပြီး အခုထက်ကျယ်ပြန့်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ တွေ့ဆုံပွဲကို ကျင်းပနိုင်ရေးအတွက် အားလုံး ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ လုပ်ငန်းကော်မတီဝင် ကိုထွန်းကြည်က အခမ်းအနားမှာ တိုက်တွန်းပြောကြား ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ လုပ်ငန်းကော်မတီကို ဒီဇင်ဘာလ (၁) ရက်နေ့ ၂၀၁၁ ခုနှစ်က ကော်မတီဝင် (၂၀) ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။