မြိတ်အကျဉ်းထောင်က အကျဉ်းသား ၁၅၀ ထောင်ပြောင်းရွှေ့ခံရ

RFA Burmese
2024.02.29
မြိတ်အကျဉ်းထောင်က အကျဉ်းသား ၁၅၀ ထောင်ပြောင်းရွှေ့ခံရ မြိတ်အကျဉ်းထောင်ရှေ့တွင် ပြန်လွတ်မြောက်လာသူများအား လာရောက်ကြိုဆိုနေကြသည်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ မြိတ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေ အပါအဝင် အကျဥ်းသားတွေကို ဖေဖော်ဝါရီလ ၂၈ ရက် မနေ့က မနက်အစောပိုင်းမှာ ကော့သောင်းအကျဥ်းထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မနေ့က မနက်အစောပိုင်း ၃ နာရီခန့်မှာ မြိတ်အကျဉ်းထောင်က အကျဉ်းသား ၁၀၀ နဲ့ အကျဉ်းသူ ၅၀၊ စုစုပေါင်း ၁၅၀ ကို သင်္ဘောနဲ့ ခေါ်ဆောင်သွားတာဖြစ်ပြီး ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၇၀ ခန့်ပါတယ်လို့ ဆိုပါတယ်။

အခုလို အကျဉ်းသားတွေကို ကော့သောင်း အကျဥ်းထောင်ကို ပြောင်းရွှေ့ရတာက လုံခြုံရေးအားနည်းနေတာကြောင့်နဲ့ အကျဉ်းသားတွေ စည်းလုံညီညွှတ်မှု အားကောင်းနေတယ်လို့ မြင်တာကြောင့်ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM)ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“အဲလိုမျိုးဟာတွေကြောင့် သူတို့က ခွဲထုတ်ဖို့ကြိုးစားတာပါ။ အဓိက လက်ရှိ စစ်တပ်ကလည်း လုံခြုံရေး နည်းနည်းအားကောင်းပြီး စစ်ရေးမှာလည်း နည်းနည်းငြိမ်နေတဲ့ အကျဉ်းထောင်ဘက်ကို သူတို့ ရွှေ့ပြောင်းတာဖြစ်ပါတယ်။ ကော့သောင်းအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းတွေအပေါ်မှာ ဖိနှိပ်မှုရှိနေတဲ့ ထောင်တစ်ထောင်ဖြစ်တယ်။ ဆိုးဆိုးဝါးဝါးဖိနှိပ်မှုမရှိလို့သာ သူတို့ထောင်က မှိန်နေတာပေါ့။ အဲဒီကိုပြောင်းရွှေ့သွားတဲ့ အကျဉ်းသားတွေအနေနဲ့လည်း ထောင်အသစ်ဖြစ်တာကြောင့် သူတို့အနေနဲ့ အရင်အခြေအနေပြန်ရဖို့ တော်တော်လေးကို ကြိုးစားရမယ့်အနေအထားမှာရှိတယ်”

မြိတ်အကျဉ်းထောင်က အကျဉ်းသား ၁၅၀ ကို မနေ့က နေ့လယ်ပိုင်းမှာ ထောင်ပြောင်းမယ်လို့ သတင်းကြား သိထားပေမယ့် မနက်အစောပိုင်း ပြောင်းသွားတာကြောင့် အကျဉ်းသား မိသားစုဝင် ငါးဦးခန့်ကိုသာ ကြိုတင်အသိပေးနိုင်ခဲ့တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အကျဉ်းသားတွေ ထောင်ပြောင်းရွှေ့တာကို အကျဉ်းထောင်ဘက်က မိသားစုဝင်တွေကို ကြိုတင်အသိပေးတာမျိုး မရှိဘဲ တိတ်တဆိတ်ပြောင်းရွှေ့သွားတာဖြစ်ပြီး ထောင်ပြောင်းရွှေ့တဲ့ နောက်ဆက်တွဲအနေနဲ့ ထောင်ဝင်စာပို့ရာမှာ မိသားစုဝင်တွေအနေနဲ့ အခက်အခဲမျိုးစုံရှိနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း မြိတ်အကျဉ်းထောင်က အကျဉ်းသား နှစ်ရာကျော်ကို ကော့သောင်းအကျဥ်းထောင်ဆီ လေကြောင်းနဲ့ရော၊ ရေကြောင်းကပါ နှစ်သုတ်ခွဲပြီး ရွှေ့ပြောင်းခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

မြိတ်အကျဥ်းထောင်က အကျဥ်းသားတွေ ပြောင်းရွှေ့တာနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းခွဲကျော် (၂၆,၂၀၂ ဦး) ရှိပြီး အဲဒီအထဲက လူကိုးထောင်နီးပါး (၈၈၂၃ ဦး) ကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။