နိုင်ငံရေးအကျဉ်းသား ၉၉ ဦးလွှတ်မြောက်

သမ္မတ ဦးသိန်းစိန်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၅၁၄ ဦးကို မနေ့ ညနေပိုင်းက လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၉၉ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

2012.09.18
political-prisoner-release-091812-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ရ ရက်က သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ အင်းစိန်အကျဉ်းထောင်မှ လွှတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုနေဝင်းက RFA သတင်းထောက်နှင့် တွေ့ဆုံပြောဆိုနေစဉ်။
RFA

လွှတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားမဟုတ်သူ လေးရာကျော် ပါဝင်ပါတယ်။ သူတို့ကတော့ ထိုင်းငါးဖမ်းသင်္ဘောတွေက ဖမ်းဆီးရမိထားတဲ့ နိုင်ငံခြားသား အများစုဖြစ်ပြီး တခြားရာဇဝတ်မှုတွေနဲ့ အဖမ်းခံရသူ သာမန်အရပ်သားများလည်း ပါတယ်လို့ ဆိုပါတယ်။

လွှတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားများနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ကိုတိုးကျော်လှိုင်က အခုလိုပြောပါတယ်။

"ကျွန်တော်တို့က ၉၉ ယောက် ပိတ်ထားတယ်။ မန္တလေးက အများဆုံးပဲ။ မန္တလေးက ၄၆။ လူ ၂၄ ယောက်၊ သံဃာ ၂၂ ပါး။ တောင်ငူက ၂၆။ စစ်တွေက ၁၁။ အင်းစိန်က ၈။ သာယာဝတီက ၃။ သံတွဲက ၂။ မြင်းခြံ၊ ပဲခူး၊ တောင်ကြီးက ၁ ယောက်စီ။ မြင်းခြံကတော့ ဟိုးတုန်းကတည်းက ကျွန်တော်တို့ဒီ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်ကို လုပ်ကြံမှုနဲ့ ဖမ်းခံထားရတဲ့ ကိုဇော်ဆိုင်းဆိုတာ လွှတ်တယ်။ နောက်ပဲခူးထောင်က ကိုဇင်မင်းအောင် (Generation Wave)က တစ်ယောက် လွှတ်တယ်"

လွှတ်မြောက်လာသူတွေထဲမှာ ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူတွေ ချီးမြှင့်တဲ့ အညတရ သူရဲကောင်းဆုရှင် အရှင်ခေမာစာရ ခေါ် ကိုချမ်းသာ ပါဝင်သလို ၁၉၉၈ ခုနှစ်ကတည်းက အကျဉ်းကျနေတဲ့ ဦးရွှေထူးအပါအဝင် ၂ဝဝ၇ သံဃာ့အရေးအခင်းမှာ အကျဉ်းကျခဲ့တဲ့ ရဟန်းသံဃာတွေလည်း ပါဝင်ပါတယ်။

မန္တလေး အိုးဘိုထောင်က မနေ့က လွှတ်မြောက်လာတဲ့ သံဃာတော် ၂၂ ပါးထဲက ပခုက္ကူ အခြေစိုက် ဆရာတော် ဦးနန္ဒနကို အာအက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင်က လျှောက်ထားမေးမြန်းတာကို နားဆင်ပါ။

လျှောက်ထား မေးမြန်းချက်။
အသံဖိုင်ယူရန်။

မနေ့က လွှတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ စာရင်းကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ကိုဘမျိုးသိန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

အိုးဘိုထောင်က လွှတ်မြောက်လာတဲ့ ကျောက်ဆည်မြို့က နိုင်ငံရေး အကျဉ်းသား ကိုမင်းသူကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။