နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဒီနေ့ နိုင်ငံရေး အကျဉ်းသား ၇ဝ ကျော် လွတ်မြောက်လာပါတယ်။
ဒီနေ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ပုဒ်မ ၁၇ (၁) မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေ အတော်များများပါဝင်ပါတယ်။
ကချင်ပြည်နယ်မှာ ပြန်လည်လွတ်မြောက်လာသူတွေ ထဲမှလည်း ကေအိုင်အိုနဲ့ ဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရသူ ဂျာမိုင်ကောင် ဒုက္ခသည်စခန်းက ဦးဘရန်ရှောင် အပါအဝင် ၂၆ ဦးရှိတယ်လို့ သိရပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေးအဖွဲ့ဝင်လည်းဖြစ် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးလှမောင်ရွှေက ကချင်ပြည်နယ်မှာ လွှတ်ပေးခဲ့တဲ့ စာရင်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
"မြစ်ကြီးနား အကျဉ်းထောင်ကို နိုင်ငံတော်သမ္မတကြီးရုံးရဲ့ ရက်စွဲနဲ့ ရောက်လာတယ်လို့ သိရပါတယ်၊ အဲဒီအထဲမှာ ကချင်ပြည်နယ်ကနေပြီးတော့ စုစုပေါင်း ၃၁ ရောက် စာရင်းပေးပို့တဲ့အထဲက ၂၆ ယောက် ဒီနေ့လွှတ်တဲ့အထဲမှာပါတယ်လို့ သိရပါတယ်"
ခုလိုနိုင်ငံရေး အကျဉ်းသားတွေကို အစိုးရက လွှတ်ပေးနေပေမယ့် ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးထောင်ချခံနေရတာတွေလည်း ရှိနေသေးတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေလိမ့်ဦးမယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးတင်မောင်ဦးက RFA ကိုပြောပါတယ်
"နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကနေပြီးတော့ သမ္မတဆီကို တင်ပြထားတာ ၇၂ ယောက်ရှိပါတယ်၊ အဲဒီ ၇၂ ယောက်ထဲမှာ ကျနော်တို့အဖွဲ့က တင်ပြထားတာပေါ့၊ ကျနော်တို့ရယ်၊ AAPP ရယ်၊ ၈၈ မျိုးဆက်ရယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရယ် လေးခုပေါင်း ၅၉ ယောက်ပါ၊ ကျနော်တို့ ပြည်တွင်းမှာလည်း ဥပမာ လက်ပံတောင်းကိစ္စနဲ့ ထောင်ကျတာ၊ မန္တလေးမှာ ပုဒ်မ ၁၈ နဲ့ ထောင်ကျတာ၊ ၅ဝ၅(ခ) တွေနဲ့ကျတာတွေ ဒီရက်ပိုင်းတွေမှာ အများကြီးရှိပါတယ်၊ အများကြီးရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ ကုန်သွားဖို့ဆိုတာကတော့ လက်ရှိမှာတော့ မဖြစ်နိုင်သေးဘူးလို့ပဲ ကျနော်ကတော့ထင်တယ်”
သမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်တွေအတွင်း ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ကတိပေးပြောခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသား ၇ဝ ကျော်ကို ဒီနေ့လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။