နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ဆေးကုသမှုမရကြောင်း မိသားစုဝင်တွေပြော

RFA Burmese
2024.03.27
နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ဆေးကုသမှုမရကြောင်း မိသားစုဝင်တွေပြော ရန်ကုန်မြို့ အင်းစိန်ထောင် အဝင်ဝအား ၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အင်းစိန်၊ သာယာဝတီနဲ့ ဒိုက်ဦးအကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတချို့ဟာ လုံလောက်တဲ့ဆေးကုသမှု မရတဲ့အတွက် ကျန်းမာရေး ထိခိုက်နေတယ်လို့ မိသားစုဝင်တွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားအများစုဟာ စစ်ကြောရေးကာလအတွင်း စစ်ကောင်စီရဲ့ နှိပ်စက်မှုတွေကြောင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

တချို့ဟာ အချိန်မီ ဆေးမကုနိုင်တာကြောင့် ခန္ဓာကိုယ် မသန်စွမ်းတဲ့အခြေအနေ ရောက်နေတယ်လို့ ကူညီနေသူတစ်ဦးက ပြောပါတယ်။

“ခါးရိုးကျိုးတဲ့ သူဆို ခါးရိုးတွေကို မူလီတွေနဲ့ ဆက်ထားရတာ။ အဲဒီမူလီတွေ ပြန်ဖြုတ်ချိန် ရောက်နေပြီ။ ဒါပေမဲ့ ထောင်အာဏာပိုင်တွေကို ဆေးကုသခွင့်နဲ့ပတ်သက်ပြီး ပြောထားတယ်။ ဘာမှကို အကြောင်းမပြန်ဘူး။ ခြေထောက်အရိုးတွေ စတီးချောင်း ထည့်ထားတဲ့သူဆိုလည်း ကိုက်တာ ခဲတာနဲ့ စတီးချောင်းတွေ ဓာတ်မှန်ပြန်ကြည့်ဖို့အတွက် တစ်လတစ်ခါ ရက်ချိန်းထားလည်း ထောင်ဆရာဝန်ကိုသွားပြဖို့ ထောင်အာဏာပိုင်တွေက ခွင့်မပြုဘူး”

ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ပိုပြီးဖိနှိပ်နေတယ်လို့ သူက ပြောပါတယ်။

အကျဉ်းထောင် အတွင်းအပြင်ကနေ ဆေးဝါးသွင်းခွင့်မပြုတဲ့အပြင် ထောင်တွင်းဆေးရုံကလည်း ဆေးဝါးအလုံအလောက်မပေးဘူးလို့ ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မတ်လ ၂၆ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ပြည်သူနှစ်သောင်းကျော် (၂၀,၂၇၄ ဦး) ဖမ်းဆီးခံထားရပါတယ်။

(မှတ်ချက် - ဆေးကုသခွင့်မရတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မဖော်ပြဖို့ မိသားစုဝင်တွေက တောင်းဆိုတာကြောင့် RFA အနေနဲ့ မဖော်ပြခြင်းဖြစ်ပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။