ဆယ်လအတွင်း စစ်ကြောရေးနဲ့ ထောင်တွေမှာ နိုင်ကျဉ်း ငါးဆယ်သေဆုံး

RFA Burmese
2024.10.29
ဆယ်လအတွင်း စစ်ကြောရေးနဲ့ ထောင်တွေမှာ နိုင်ကျဉ်း ငါးဆယ်သေဆုံး တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်ကို တွေ့ရစဉ်။
Dawei Watch

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာ ၂၉ ရက်အထိ ဆယ်လအတွင်း စစ်ကောင်စီရဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ငါးဆယ်သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာ အမျိုးသား ၁၂ ဦး သေဆုံးခဲ့သလို ရဲစခန်းမှာ အမျိုးသား ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အကျဉ်းထောင်ထဲမှာ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား ၂၅ ဦး သေဆုံးခဲ့ပြီး နာမည်တကွ အတည်ပြုနိုင်တယ်လို့လည်း ရေးသားထားပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာက ဦးရဲအောင် (ခ) ကိုချင်းကို စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တွေနဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် ထားဝယ်ထောင်ရောက်ပြီး ထောင်အတွင်း လေဖြတ်တဲ့ရောဂါ ခံစားရတာကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထောင်ကနေ ထားဝယ်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသစဉ် အောက်တိုဘာ ၁၇ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦးရှိပြီး အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူ ၆၃ ဦး ပါဝင်တယ်လို့ AAPP က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းချိန်ကနေ အောက်တိုဘာ ၂၉ ရက်နေ့အထိ စစ်ကောင်သတ်ဖြတ်မှုကြောင့် အရပ်သား ခြောက်ထောင်နီးပါး (၅,၈၉၅ ဦး) သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။