နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဖို့ မရှိဟု ဒုဝန်ကြီးပြောကြား

နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုဖို့ အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့ လွှတ်တော်မှာ ဇွန်လ ၂ ရက်နေ့က တင်ပြစဉ်
နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုဖို့ အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့ လွှတ်တော်မှာ ဇွန်လ ၂ ရက်နေ့က တင်ပြစဉ် (.)

0:00 / 0:00

နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ်တွေကို အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ပေးဖို့ အစီအစဉ် မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ဦးဖေသန်း က အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းတာကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က အကျဉ်းသားတွေကို အဆင့်အတန်းခွဲသလို ဖြစ်သွားနိုင်တာကြောင့် အဲ့ဒီလိုအဓိပ္ပါယ်ဖွင့် ဆိုပေးဖို့ မရှိကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၄ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်၊ ထို့အပြင် ဥပဒေရဲ့ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေး ရမည်ဟု ပြဌာန်းထားရှိသဖြင့် အကျဉ်းသားများအား အဆင့်အတန်း ခွဲခြားသည့်စနစ်ကို ပြန်လည်ဖော်ဆောင် ပါက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကွဲလွဲဆန့်ကျင်နေမည်ဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေ ကြားအပ်ပါတယ်"

အရင်အစိုးရအဆက်ဆက်က မသတ်မှတ်ပေးနိုင်ခဲ့တာကို အခုအစိုးရမှာ သတ်မှတ်ပေးဖို့ တာဝန်ရှိကြောင်းနဲ့ အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ အစီအစဉ်မရှိဘူးဆိုတာဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်လား ပြည်ထောင်စု အစိုးရရဲ့ မူဝါဒလားဆိုတာကို သိလိုကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ထပ်မံမေးမြန်း ခဲ့ပါတယ်။

"အမှန်က နိုင်ငံရေးသမားဆိုတာ ထောင်ထဲကို မသွားသင့်ဘူး၊ ဒါပေမဲ့ ဒီနေ့ပုဒ်မအမျိုးမျိုးတပ်တော့ နိုင်ငံရေး ပုဒ်မဆိုတာ ပျောက်သွားတယ်၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိဘူး၊ တကယ်လို့ နိုင်ငံရေးအကျဉ်း သားများကို လွှတ်ပေးမယ်ဆိုရင်တောင်မှ ရာဇဝတ်သားတွေနဲ့ ရောနှောပြီးတော့ အဲ့လိုဖုံးဖိပြီးတော့ လွှတ်ပေး တာတွေရှိခဲ့တယ်၊ ဒါကြောင့် ကျနော်တို့က မရှိတာကို ရှိအောင်လုပ်ဖို့အတွက် ဒီအစိုးရမှာ တာဝန်ရှိတယ် လို့မြင်တယ်၊ ဒါကြောင့် အစိုးရမှာ အစီအစဉ်ရှိသလားဆိုတာကို ကျနော်မေးမြန်းခြင်းဖြစ်တယ်၊ နိုင်ငံတော်အစိုးရ ရဲ့ မူဝါဒနဲ့ အများကြီးသက်ဆိုင်ပါလိမ့်မယ်၊ အခုဝန်ကြီးဖြေခြင်းဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက် အယူအဆသက်သက်ပဲလား၊ ဒါမှမဟုတ် ဒါဟာ ပြည်ထောင်စုအစိုးရရဲ့ ဖြေကြားချက်လား အဲ့ဒါကို ကွဲကွဲပြားပြား သိချင်ပါတယ်"

အဲ့ဒီလိုထပ်ဆင့်မေးမြန်းတာကို ဒုတိယဝန်ကြီးက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖြေကြားချက်ဖြစ်ကြောင်းနဲ့ သူ့အနေ နဲ့ ပြည်ထောင်စုအစိုးရရဲ့ ဖြေကြားချက်ကိုရယူပြီး ပြန်လည်ဖြေကြားပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မေးမြန်းတဲ့ ကိုယ်စားလှယ် ဦးဖေသန်းက နိုင်ငံရေးသမားတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ရာဇဝတ်အကျဉ်းသားတွေ အဖြစ် ဖမ်းဆီးထောင်ချတာ၊ ခွဲခြားဆက်ဆံတာ၊ အခွင့်အရေးတွေကို ကန့်သတ်တာတွေရှိခဲ့တာကြောင့် သာမန် ရာဇဝတ်သားတွေထက် ပိုပြီးဆိုးရွားတဲ့အခြေအနေတွေ ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံရေးယုံကြည်ချက်အရ လုပ်ဆောင်သူတွေ၊ မတူကွဲပြားတဲ့ အမြင်ရှိသူတွေကို ရာဇဝတ်သားတွေလို အရေးယူနေတာဟာ တိုင်းပြည် အတွက် နစ်နာမှုတွေဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံရေးပြစ်မှုနဲ့ နိုင်ငံရေးအကျဉ်းသား ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုပေးမှသာ နိုင်ငံရေးသမားတွေရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ ယုံကြည်ကြောင်းလည်း ဦးဖေသန်း က ပြောခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မိုးကျော် က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ ၇ထောင်ကနေ တစ်သောင်းကြားရှိပြီး အဲ့ဒီလူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်နိုင်အောင် လွှတ်တော်က ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။ AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မိုးကျော် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။