နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ ကို အမေရိကန်အစိုးရ ကြိုဆို

မြန်မာအစိုးရက ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့ အတွက် အစိုးရအရာရှိတွေ၊ လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေပါဝင်တဲ့ စိစစ်ရေးကော်မတီတစ်ခု ဖွဲ့စည်းမယ့်အကြောင်း ကြေညာခဲ့တာကို အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။

2013.02.08

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဖေဖေါ်ဝါရီလ ဂ ရက် မနေ့က ကြေညာချက်မှာ မြန်မာသမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ပြီးခဲ့တဲ့ တစ်နှစ်ခွဲကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်ကို လွတ်ပေးခဲ့တာဟာ ကောင်းမွန်တိုးတက် တဲ့ ဆောင်ရွက်ချက်ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

တဆက်တည်းမှာပဲ ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အဖွဲ့တခုကို ထူထောင်လိုက်ခြင်း ဟာ မြန်မာအစိုးရအနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်ကို လျှောက်လှမ်းလိုက်တာဖြစ်ကြောင်းနဲ့ ယခုလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မိမိတို့ အမေရိကန် အစိုးရက ပါဝင်ကူညီဖို့ မျှော်ရည်မှန်းကြောင်းစသဖြင့် ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ လန်ဒန်မြို့ အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာမှာ အခုလို မြန်မာအစိုးရက ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့အတွက် စိစစ်ရေးကော်မတီတခု ဖွဲ့စည်းမယ့်အကြောင်း ကြေညာခဲ့တာဟာ မှန်ကန်တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေတင်မကပဲ မတရားအပြစ်ပေးခံနေရတဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ လိုအပ်ကြောင်း ဖေါ်ပြထားပါ တယ်။

တဆက်တည်းမှာပဲ အခုဖွဲ့စည်းမယ့် စိစစ်ရေးအဖွဲ့ဟာ လွတ်လပ်မျှတပြီး သင့်တော်တဲ့သူတွေပါဝင်ကာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ဆုံးဖြတ်လုပ်ကိုင် ဆောင်ရွက်လိမ့်မယ် လု့ိ မျှော်လင့်ကြောင်း စသဖြင့် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။