နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ရှိ ပြည်သူ့လွှတ်တော် အရာရှိတစ်ဦး ပြော
မြန်မာအစိုးရဟာ လာမယ့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့နဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ နောက်ထပ် လွှတ်ပေးဖွယ်ရှိတယ်လို့ ပြည်သူ့လွှတ်တော် အရာရှိတစ်ဦးက မနေ့က ပြောကြားလိုက်ပါတယ်။
-
2011-12-29 -
-
-
မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို များမကြာခင် ကာလမှာ ထပ်မံလွှတ်ပေးဖို့ သေချာတယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုက နေပြည်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား ဘယ်နှဦး လွှတ်ပေးမယ်ဆိုတာကိုတော့ အသေးစိတ် မပြောပါဘူး။
တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ ရထားပို့ဆောင်ရေး ဝန်ကြီး ဦအောင်မင်းကလည်း လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့တွေမှာ အကျဉ်းသားတွေကို အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိကြောင်း မကြာသေးခင်က ပြောဆိုခဲ့တယ်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကနေ ၁၅၀၀ ကျော်အထိ ရှိနိုင်တယ်လို့ အတိုက်အခံတွေက ခန့်မှန်းထားပါတယ်။