သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦး ရိုက်နှက်တိုက်ပိတ်ခံရ

RFA Burmese
2024.11.11
သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦး ရိုက်နှက်တိုက်ပိတ်ခံရ သာယာဝတီအကျဉ်းထောင်အား ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဓာတ်ပုံ

ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်ထားတယ်လို့ ဒီအကြောင်းကို သိရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက RFA ကို နိုဝင်ဘာလ ၁၂ ရက် ဒီနေ့ ပြောပါတယ်။

ထောင်ဝင်စာပေးပို့တဲ့ ပစ္စည်းတွေထဲမှာ ဖုန်းဆင်းကတ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုထွဋ်ပိုင်မှူးနဲ့ ကိုပြည့်စုံအောင်တို့ကို ခြေကျင်းခတ်ပြီး ရိုက်နှက်တိုက်ပိတ်ထားတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ကလည်း နိုဝင်ဘာလ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

သူတို့ နှစ်ဦးဟာ အကျဉ်းထောင်အတွင်း ဖိနှိပ်ခံအကျဉ်းသားအရေး လုပ်နေသူတွေဖြစ်တဲ့အပြင် ထောင်အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ထောက်ပြလေ့ရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကို ဘယ်နေ့ကစပြီး တိုက်ပိတ်ထားတယ်ဆိုတဲ့ အချက်အလက်ကိုတော့ မသိရသေးပါဘူး။

သာယာဝတီ အကျဉ်းထောင်ရဲ့ ထောင်ဝင်စာပစ္စည်း လက်ခံတဲ့ဌာနဟာ မိသားစုဝင်တွေပေးပို့တဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ စာအုပ်တွေကို တင်းတင်းကျပ်ကျပ် စိစစ်ပြီးမှ အကျဉ်းသားတွေဆီ ပေးပို့တာဖြစ်တဲ့အတွက် ဖုန်းဆင်းကတ် ပါလာတာမျိုးဟာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူးလို့လည်း PPNM က ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ တိုက်ပိတ်ခံရသူတွေရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့ RFA ကို ပြောပါတယ်။

“ကိုထွဋ်ပိုင်မှူးက ခါးမှာ ထိခိုက်ဒဏ်ရာနဲ့ ဝေဒနာရှိသူဖြစ်တယ်။ အခုက သံခြေကျင်းရော၊ တိုက်ပိတ်ထားတာရောဆိုတော့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ထဲမှာလည်း ကိုထွဋ်ပိုင်မှူးက ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ခံထားရသေးတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုနဲ့ ကြုံနေရပြီး အသက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲမှာ အခုနှစ်အတွင်း ဆေးဝါးကုသခွင့် အလုံအလောက်မရဘဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးအထိရှိလာပြီးနောက် အကျဉ်းထောင်အတွင်း အချိန်မီဆေးဝါးကုသခွင့်ရဖို့ PPNM က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။