နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့်မှာ ထက်ဝက်ကျော်သာ ပြန်လွတ်ကြောင်း PPNM ပြော
2025.01.06

ဇန်နဝါရီလ ၄ ရက်နေ့က နိုင်ငံတစ်ဝန်း လွတ်ငြိမ်းသက်သာခွင့်အမိန့်မှာ နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းချခံထားရသူ ခြောက်ရာခန့်ကိုပါ လွှတ်ပေးမယ်လို့ စစ်ကောင်စီက တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ပေမဲ့ အမှန်တကယ် လွတ်လာသူဟာ ၃၄၄ ဦးသာရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇန်နဝါရီလ ၆ ရက် ဒီနေ့ညနေက ထုတ်ပြန်ပါတယ်။
နိုင်ငံတစ်ဝန်းက အကျဉ်းထောင် လေးဆယ်ကျော်ကို စောင့်ကြည့်စာရင်းကောက်ယူခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား ၂၀၈ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၃၁ ဦး၊ ကျား/မ အတည်မပြုနိုင်သေးသူ ငါးဦး စုစုပေါင်း ၃၄၄ ဦးသာ လွတ်မြောက်ခဲ့တာလို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“တကယ့် မြေပြင်လက်တွေ့မှာ ကွင်းဆင်းရယူဖို့ ခဲယဉ်းတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းကို လွတ်လပ်တဲ့ သတင်းဌာနတွေကလည်း စစ်ကောင်စီရဲ့ ပြောကြားချက်ကို ကိုးကားရတဲ့ အခြေအနေရှိပါတယ်။ ဒီလို ကိုးကားရတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီးမှ ပြည်သူနဲ့ နိုင်ငံတကာကို လိမ်လည်လှည့်ဖြားတာလို့ သုံးသပ်ပါတယ်”
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇန်နဝါရီလ ၄ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် အမိန့်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပါဝင်တယ်လို့ အဲဒီနေ့က စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကနေတစ်ဆင့် ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပြန်လည် မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီ ၄ ရက်နေ့က ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်း အကျဉ်းထောင်တွေထဲ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ယောက်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက အဲဒီနေ့ မနက်မှာ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းကာလ လေးနှစ်နီးပါးအတွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့် ၁၆ ကြိမ်မှာ အကျဉ်းကျခံနေရသူ ၁၀၁,၇၂၉ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၈,၇၆၂ ဦး၊ ရာခိုင်နှုန်းအနေနဲ့ ပြန်လွှတ်ပေးသူ စုစုပေါင်းရဲ့ ၈ ဒသမ ၆ ရာခိုင်နှုန်းသာ ပါဝင်ခဲ့တယ်လို့ လွပ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က ဇန်နဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။