နိုင်ငံရေးပါတီတွေအတွက် မြေကွက် နဲ့ ကားပါမစ် ချပေးဖို့ ကော်မရှင် တင်ပြ
2014.05.27

နိုင်ငံရေးပါတီတွေကို မြေကွက်နဲ့ ကားပါမစ်တွေ ချပေးဖို့အတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဌက နိုင်ငံတော် သမ္မတရုံးကို တင်ပြလိုက်တယ်လို့ သိရပါတယ်။
မေလ ၂၂ ရက်နေ့ရက်စွဲနဲ့ စာရေးသားတင်ပြလိုက် တာဖြစ်ပြီး၊ နိုင်ငံရေးပါတီငယ်တချို့က ပါတီရပ်တည်ရေး အတွက် အခက်အခဲရှိကြောင်း တင်ပြလာတဲ့ အပေါ် ကော်မရှင်က အစိုးရထံ ထပ်ဆင့်တင်ပြတောင်း ဆိုလိုက်တာဖြစ်ကြောင်း၊ နိုင်ငံရေးပါတီတွေဘက် က မြေနေရာပေးဖို့၊ ကားပါမစ်ပေးဖို့ တောင်းဆိုတာ မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က တာဝန်ခံ ဦးသောင်းလှိုင်က RFA ကိုပြောပါတယ်၊
"နိုင်ငံရေးပါတီတွေနဲ့ ကျနော်တို့ ကော်မရှင်နဲ့လေ ညှိနှိုင်းအစည်းအဝေးတွေ ဆောင်ရွက်တိုင်းမှာ သူတို့ဘက်က နိုင်ငံတော်ကသော်လည်းကောင်း ထောက်ပံ့နိုင်တဲ့ အနေအထားလေးတွေ အများကြီးတင်ပြပါတယ်၊ အများစုကတော့ ပါတီငယ်တွေပါ၊ အဓိကကတော့ ပါတီစည်းရုံးရေးရယ်၊ မဲဆွယ်ရေးတွေအတွက် သွားရေးလာရေးတောင်းပါတယ်၊ နောက်တစ်ခုက ရုံးခန်းဖွင့်ဖို့အတွက် တောင်းပါတယ်၊ အဲဒီနှစ်ခုကို ကျနော်တို့ ကော်မရှင်ကနေပြီးတော့ နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီးတော့ ဒါတွေ ဒါတွေဆောင်ရွက်ပေးနိုင် ဖို့အတွက် တင်ပြထားတယ်"
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက နိုင်ငံရေးပါတီ တစ်ပါတီကို မော်တော်ယာဉ် ငါးစီးနှုန်း အခွန်ကင်းလွတ် တင်သွင်းခွင့်ရရှိရေးနဲ့ နိုင်ငံတော်ပိုင် လစ်လပ်နေတဲ့ အဆောက်အဦးများမှာ နိုင်ငံရေးပါတီတွေ ရုံးခန်း ဖွင့်ခွင့်ပေးရေးဆိုပြီး သမ္မတရုံးကို တောင်းဆိုထားတာဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာရော နိုင်ငံတော်ဖ့ွံဖြိုး တိုးတက်ရေးလုပ်ငန်းတွေမှာပါ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် အခုလို နိုင်ငံရေးပါတီတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စဉ်းစားတာဖြစ်တယ်လို့လည်း ဦးသောင်းလှိုင်ကပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ခံ ဦးသောင်းလှိုင်ကို RFA အဖွဲ့သူ ဒေါ်သင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။