နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရမှုကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြော

RFA Burmese
2023.03.30
နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရမှုကို စိုးရိမ်ကြောင်း ကုလသမဂ္ဂ ပြော ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ NLD ပါတီရုံးချုပ်ရှေ့တွင် ရွေးကောက်ပွဲအပြီး အောင်ပွဲခံနေကြသူများအား တွေ့ရစဉ်။
AFP

အတိုက်အခံနိုင်ငံရေးပါတီတွေကို ဖျက်သိမ်းလိုက်တဲ့အပေါ် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် (Antonio Guterres)က အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂက မတ်လ ၃ဝ ရက် မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းစဉ်ကို အားလျော့စေဖို့ ဘယ်လိုကြိုးပမ်းချက်မဆို ပြဿနာပိုကြီးထွားရုံပဲရှိမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း ထပ်လောင်းတောင်းဆိုတဲ့အကြောင်း ကြေညာချက်မှာဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း .... NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီ ၄ဝ ကို စစ်ကောင်စီထိန်းချုပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်တာကို အပြင်းအထန်ရှုတ်ချကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ လုံးဝလက်ခံနိုင်စရာမရှိတဲ့ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေတာကို ပြသတာဖြစ်ပြီး ကျင်းပဖြစ်မယ်ဆိုရင် မြန်မာမဲဆန္ဒရှင်တွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။