ကြို့ပင်ကောက်က ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

2022.02.14
ကြို့ပင်ကောက်က ရဲတပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။
File Photo - Reuters

ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက် မြို့မရဲစခန်းက ရဲတပ်ကြပ်တစ်ဦး ဖေဖော်ဝါရီလ ၁၄ ရက် ဒီကနေ့ နေ့လည်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ရဲတပ်ကြပ်ဝင်းဦးဆိုသူဟာ ရန်ကုန်-ပြည်လမ်း ကားဂိတ်နားက ရွှေဗလီ ကွမ်းယာဆိုင်ရှေ့မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

"ကွမ်းယာဆိုင်ကနေ ကွမ်းဝယ်ပြီး ထွက်လာတဲ့ ယူနီဖောင်းအပြည့် ဝတ်ထားတဲ့ရဲကို ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ယောက်က ပစ်လိုက်တာ" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည်)က သေနတ်နဲ့ သုံးချက်ပစ်ခတ်ခဲ့တယ်လို့ ဒီကနေ့ညနေမှာ ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတဲ့ ရဲတပ်သားဟာ ကြို့ပင်ကောက်မြို့  ရွာတစ်ရွာက နယ်ခံရဲတစ်ဦးဖြစ်ပြီး ယူနီဖောင်းအမြဲဝတ်ဆင်တတ်သူလို့ ပြောပါတယ်။ ဒီရဲတပ်ကြပ်သေဆုံးရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာမှထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ကြို့ပင်ကောက် ပြည်သူကာကွယ်ရေး တပ်ဖွဲ့တွေက ပျုးစောထီးစခန်းကို ဝင်ရောက်ပစ်ခတ်ပြီး ငါးဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။