စစ်တွေမှာ ရဲတပ်ဖွဲ့ပစ်ခတ်မှု တစ်ဦးသေဆုံး
2014.03.28

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program WFP ပစ္စည်းသိုလှောင်ရုံကို မနေ့ညနေပိုင်းက လူအုပ်စုက ဝင်ရောက်ဖျက်ဆီးဖို့ ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ဖောက်ပြီး လူစုခွဲခဲ့ရာမှာ မျက်နှာချင်းဆိုင်နေအိမ်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေနတ်ကျည် ထိမှန်ပြီး သေဆုံး သွားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သေဆုံးသွားသူ မိန်းကလေးကိစ္စကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ စစ်တွေမြို့ ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အုပ်ချုပ်မှုဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုခိုင်ကောင်းစံက အခုလို ပြောပါတယ်။
"ပေါက်ကွဲနေတဲ့ လူတစ်စုက ခဲနဲ့ပေါက်ဖို့သွားတဲ့ အချိန်မှာ ဒီလုံခြုံရေးတွေက သေနတ်နဲ့ပစ်ပါတယ်၊ အဲဒီအချိန်မှာပဲ WFP ဂိုထောင်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဦးစိန်မောင်ပေါ့လေ၊ ပန်းရံဆရာရဲ့ သမီးလေး အသက် ၁၁ နှစ် ကလေးမလေး ချက်အောက်မှာ ကျည်ဆံထိမှန်သွားတယ်၊ အဲဒီထိမှန်သွားတဲ့အချိန်မှာပဲ ၆ နာရီလောက်မှာပေါ့ ကျနော်တို့ ဆေးရုံကိုသွားပို့တယ်၊ သွားပို့တဲ့အချိန်မှာပဲ ဆုံးသွားပါတယ်"
စစ်တွေမြို့မှာ မတ်လ ၂၆ ရက်နေ့ကညက ဂျာမနီနိုင်ငံအခြေစိုက် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Malteser International အဖွဲ့အစည်းနဲ့ ဒေသခံတွေအကြား ပဋိပက္ခစတင်ခဲ့တာပါ။ Malteser International အဖွဲ့က ငှားထားတဲ့နေအိမ်မှာ လွှင့်ထူထားတဲ့ သာသနာ့အလံကို ဖြုတ်ချရာက ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံ လူအုပ်စုတွေက တခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေနဲ့ လူနေအိမ်တွေကိုပါ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဒါ့အပြင် မနေ့က WFP ၊ UNHCR စတဲ့အဖွဲ့အစည်းတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းသိုလှောင်ရုံ ၂၀ လောက်က ပစ္စည်းတွေကိုလည်း ဒေသခံလူအုပ်စုက ဖျက်ဆီးခဲ့ကြပါတယ်။
ဒီနေ့မှာ အခြေအနေ တည်ငြိမ်သွားပြီဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရက ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပါတယ်။ စစ်တွေမြို့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ကော်မရှင်ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အခုလို ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေနဲ့ ဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ လျှောက်ထားဆဲ မွတ်စလင်နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးအဘူလ်တာဟေရ် (ခေါ်) ဦးသာအေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း စစ်တွေမြို့က ပဋိပက္ခဟာ နိုင်ငံတည်ငြိမ်အေးချမ်းအတွက် စိုးရိမ်စရာဖြစ်နေပြီး အခြေအနေတွေကို အားလုံးထိန်းသိမ်းကြဖို့ လိုနေပြီဆိုတဲ့ အမြင်နဲ့ တိုက်တွန်းချက်တွေကို မသင်းသီရိ တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။