ရွေးကောက်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ ရဲချုပ်ညွှန်ကြား
2015.10.01

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးဖို့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ဘဲ ကြားနေဆိုတာကို ပြသဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းက ပြောလိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၅၁ နှစ်ပြည့် အခမ်းအနားမှာ ရဲချုပ်ဇော်ဝင်း က ပြောလိုက်တာ ဖြစ်ပါတယ်။
"ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ပြီးစီးနိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ့လာမယ့် အခက်အခဲတွေကို စဉ်ဆက်မပြတ် သုံးသပ်အဖြေထုတ်ပြီးတော့ စီမံချက်တွေ အစီအမံတွေချမှတ်ပြီး အကောင်း ဆုံး ပြင်ဆင်ဆောင်ရွက်သွားကြရမှာဖြစ်တယ်၊ ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ရဲတပ် ဖွဲ့ဟာ ဘက်မလိုက်ဘဲ ကြားနေပြီး ဆောင်ရွက်နေတယ်ဆိုတာကို ပြည်သူအားလုံးသိရှိအောင် ပြသသွားဖို့ လုပ်ရမှာဖြစ်တယ် "
မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြား မှုခင်းဖြစ်ပွားနှုန်းဟာ ကျေးလက်ဒေသတွေမှာ အဖြစ်များနေတယ်လို့လည်း ပြောပါ တယ်။ ရန်ကုန်တိုင်းမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်သူတချို့ကို ဖမ်းမိထားပြီး မကြာခင်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ရှင်းပြသွားမယ်လို့ ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ နေရာအနှံ့မှာ စိတ်ကြွဆေးပြားသုံးစွဲမှုနဲ့ ရောင်းဝယ်ဖောက်ကားတဲ့နှုန်းဟာ ထိန်းချုပ်ရခက်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။