မြို့သာစီမံကိန်း ရုန်းရင်းဆန်ခတ်မှု NLD ပါတီဝင် နှစ်ဦးကို ဖမ်းဆီး

0:00 / 0:00

မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းနယ်မြေထဲမှာ မနေ့က တောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး တောင်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

တောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားနေတာတွေကို ဗီဒီယိုမှတ်တမ်းရိုက်ကူးခဲ့တဲ့ NLD ပါတီဝင်နှစ်ဦးကို ဖမ်းဆီးသွားတာလို့ အဖမ်းခံရသူတွေရဲ့ ရှေ့နေ ဒေါ်သဲစုဝေက ပြောပါတယ်။

"တောင်သူတွေရဲ့ မြေသိမ်းခံရတဲ့ကိစ္စတွေကို သူတို့ကမှတ်တမ်းရိုက်တယ်၊ ရိုက်ပြီး သမ္မတ အပါအဝင် လွှတ်တော်သုံးရပ်၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ ပြည်ထဲရေးဌာန စတဲ့သက်ဆိုင်ရာဌာနတွေကို သတင်းအတိအကျတင်ဖို့ရာအတွက် မှတ်တမ်းသွားပြီးရိုက်တဲ့အချိန်မှာပဲ စခန်းမှူးက သူတို့နှစ်ယောက်ကို ဖမ်းဆီးသွားခဲ့တယ်"

မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က လယ်ယာမြေဧက တစ်သောင်းကျော်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းဧရိယာထဲမှာရှိတဲ့ လက်ပံကျင်းရွာအနီး တည်ဆောက် မယ့် ဂေါက်ကွင်းဟာ လယ်ယာမြေဧက ၁၀၀ ကျော်ရှိပြီး အဲဒီမြေနေရာတွေအတွက် ဒေသခံတောင်သူတွေ က လျော်ကြေးငွေ အပြည့်အဝမရရှိသေးကြောင်း ပြောပါတယ်။

မနေ့က ဂေါက်ကွင်းစီမံကိန်းလုပ်ဆောင်နေစဉ် ဒေသခံလယ်သမားတွေက တားမြစ်ရာက ရဲတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ ကိုကျော်သူမြင့်နဲ့ ကိုအောင်ကိုဝင်း တို့နှစ်ဦးဟာ မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ် NLD ပါတီဝင်တွေဖြစ်ကြတဲ့အပြင် NLD ပါတီက ဖွဲ့စည်းထားတဲ့ သိမ်းဆည်းခံလယ်ယာမြေဖော်ဆောင်ရေးအဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

အဖမ်းခံရသူတွေရဲ့ ရှေ့နေ ဒေါ်သဲစုဝေကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။