ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ ဦးကို အာမခံ မပေး

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးဟာ မရမ်းကုန်းမြို့နယ် တရားရုံးကို ဒီနေ့ သွားရောက် အမှုရင်ဆိုင်ရာမှာ တရားရုံးက အာမခံ မပေးတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးလိုက်တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဖိုးသား၊ ကိုပိုင်ဖြိုးမင်းနဲ့ မကေခိုင်ထွန်းတို့ကို ဒီနေ့နေ့လယ်မှာ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ သြင်္ကန်ကာလအတွင်း သံချပ်ထိုးဖျော်ဖြေတဲ့ သရုပ်ပြကွက်တွေမှာ တပ်မတော် ဝတ်စုံဝတ်ဆင်ခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားစွဲထားတာဖြစ်ပါတယ်။

တရားစွဲခံထားရတဲ့ ၅ ဦးထဲက မကေခိုင်ထွန်းကို အလုပ်တာဝန်ထမ်းဆောင်နေတဲ့ ဟယ်ပင် ကလေးဆေးရုံမှာ ဧပြီ ၁၉ ရက်နေ့မှာ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီး မရမ်းကုန်းမြို့နယ် ရဲစခန်းက ငွေကျပ်သိန်း ၁၀၀ အာမခံပေးသူ ၂ ဦးနဲ့ အာမခံပေးခဲ့ပါတယ်။

ဒီနေ့ မရမ်းကုန်းမြို့နယ် တရားမှာ ပထမဆုံးအကြိမ် ရုံးချိန်းခေါ်ယူရာမှာတော့ အာမခံပေးဖို့ တရားသူကြီးက ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာလည်း ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်၊ မဆုရတနာမြင့်၊ ကိုဒီရေ(ခ) ကိုပိုင်ဖြိုးမင်း တို့ကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဒါ့အပြင် ဧပြီ ၁၂ ရက်နေ့က ဧရာဝတီတိုင်း မအူပင်မြို့နယ်မှာ သံချပ်ထိုး ဖျော်ဖြေခဲ့ပြီး Facebook အကောင့်စာမျက်နှာမှာ Live လွှင့်ခဲ့တဲ့အတွက်လည်း အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သက်နိုင်ဝင်း က တရားလိုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ပုသိမ်မြို့နယ် တရားရုံးမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၂၅ ဦးလုံးကို တရားစွဲလိုက်တယ်လို့ သိရပါတယ်။