သတင်းစာဆရာ ဖိုးသောကြာ "သတင်း သူရဲကောင်းဆု" ရရှိ


2015.05.31
po-thaukkyar-award-620.jpg တတိယအကြိမ် အမျိုးသားသတင်းဆုပေးအပ်ပွဲတွင် သတင်းစာဆရာ ဖိုးသောကြာကို "သတင်း သူရဲကောင်းဆု" ပေးအပ်နေစဉ်။
Photo: Kyaw Htoon Naing/ RFA

မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက  ဒီနေ့ကျင်းပတဲ့  တတိယအကြိမ် အမျိုးသားသတင်းဆုပေးအပ်ပွဲမှာ သတင်းသူရဲကောင်းဆု၊ အကောင်းဆုံးကာတွန်းဆု၊ ရုပ်သံအကောင်းဆုံးဆု နဲ့ အကောင်းဆုံး သတင်းဓါတ်ပုံဆု စုစုပေါင်း ဆုလေးဆု ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

"သတင်းသူရဲကောင်းဆု" ရရှိခဲ့တဲ့ သတင်းစာဆရာ ဖိုးသောကြာက စာနယ်ဇင်းသမားတွေအတွက် လွတ်လပ် ခွင့်ရောင်ခြည်သန်းလာပြီလို့ ပြောပါတယ်။

"ဒီနေ့ပြုလုပ်တဲ့ အခမ်းအနားဟာ အဘကို သတင်းဆုချီးမြှင့်တဲ့ အခမ်းအနားလို့ အဘက မမြင်ဘူး၊ ရာစုနှစ် ဝက်လောက် သတင်းလွတ်လပ်ခွင့်နဲ့ ကင်းကွာနေ တဲ့ မြန်မာသတင်းစာလောကကို သတင်းလွတ်လပ် ခွင့် ရောင်နီပျိုးတဲ့အခမ်းအနားလို့ အဘကမြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဘတို့ သတင်းဆုတွေ ချီးမြှင့် ဖို့ပေါ့နော်၊ ကြိုးစားခဲ့တာအခုမှမဟုတ်ဘူး၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ပြန်လည်ပြီး ပေါ်ပေါက်တဲ့ ၂၀၁၂ ခုနှစ်လောက်ကစပြီးတော့ ကြိုးစားခဲ့ကြ တာ အခုမှ ၃ ကြိမ်ပဲရှိသေးတယ်"

အကောင်းဆုံးကာတွန်းဆုကို ကာတွန်းရွှေထူး(ပြည်)၊ ရုပ်သံအကောင်းဆုံးဆုကို ဒီဗွီဘီ သတင်းဌာနက ရရှိခဲ့ပြီး သတင်းဓါတ်ပုံဆုကို ရိုက်တာသတင်းဌာနက ဓါတ်ပုံ သတင်းထောက် ကိုစိုးဇေယျာထွန်းက ရရှိခဲ့တာဖြစ်ပါတယ်။

ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပုလဲလမ်းရှိ မြရိပ်ညိုဟိုတယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့လည်း တက်ရောက်ခဲ့ပါတယ်။

ဒီအမျိုးသားသတင်းဆုကော်မတီကို ၂၀၁၁ခုနှစ်က စတင်ပေးအပ်ခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ ဆုပေးအပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီနေ့အခမ်းအနားဟာ ၂၀၁၄နဲ့ ၂၀၁၅ခုနှစ် တို့အတွက်၂ နှစ်စာ ပေးအပ်တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။