စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူနဲ့ ပူးပေါင်းမယ်လို့ PNLO ပြော

ကရင်နီပြည်နယ်ကနေ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ ဇန်နဝါရီ ၁၁ ရက်နေ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ကူညီပေးစဥ်
ကရင်နီပြည်နယ်ကနေ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ ဇန်နဝါရီ ၁၁ ရက်နေ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က ကူညီပေးစဥ် (Photo: SHAN News)

စစ်အာဏာရှင် အပြီးသတ်ချုပ်ငြိမ်းရေး ပြည်သူလူထုနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ် လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားလိုက်ပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာ တိုင်းရင်းသားတွေ လိုလားတောင်းတနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာမှာမဟုတ်ဘူးလို့ ဒီကနေ့ စတင်ကျင်းပနေတဲ့ အမျိုးသားညီညွတ်ရေး အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပြည်သူ့ညီလာခံမှာ ဦးခွန်မြင့်ထွန်း က ပြောခဲ့ တာဖြစ်ပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ အာဏာပိုင်အဖွဲ့အစည်းတစ်ခု မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

PNLO ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒီကနေ့စတင်တဲ့ NUCC ပြည်သူ့ညီလာခံကို သုံးရက်ကြာကျင်းပသွားမှာဖြစ်ပြီး ညီလာခံကနေ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညဉ်တစ်ခု အတည်ပြုပါမယ်။

ဒီနေ့ဖွင့်ပွဲအခမ်းအနားကို ရခိုင်ပြည်အမျိုးသားကောင်စီ ANC/ AA စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPPနဲ့ ချင်းအမျိုးသားတပ်ဦး CNF ကိုယ်စားလှယ်တွေ တက်ရောက် ပါတယ်။

NUCC ကို အဖွဲ့အစည်း ၂၈ ဖွဲ့နဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ပါဝင်တယ်လို့ ဆိုပါတယ်။