ပင်လည်ဘူးမြို့ကို သိမ်းပိုက်လိုက်ကြောင်း PDF ပြော
2024.10.08

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ ရက် ဒီနေ့မနက် အစောပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ပြီလို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မြို့ကို သိမ်းပိုက်နိုင်ပေမဲ့ စစ်ကောင်စီတပ်တော့ ဒီနေ့ညနေပိုင်းအထိ လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်နေတယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သိမ်းတာက မနေ့ညက စသိမ်းတာ။ ဒီနေ့ မနက် ၆ နာရီလောက်မှာတော့ အပြီးရှင်းလင်းပြီးပြီ။ ရဲစခန်းကိုလည်း ရှင်းလင်းလိုက်နိုင်ပြီ။ မြို့သိမ်းပြီးတော့ စစ်ကောင်စီဘက်က Y-12 နဲ့ တစ်ခါလာချတယ် ပြီးတော့ ဂျက်ဖိုက်တာ လေးစင်း တစ်ခါလာတယ်။ ခုနက နှစ်စင်းလာတယ်၊ အခုက သုံးစင်းထပ်လာနေတယ်”
အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်သား အင်အားရာနဲ့ချီ လက်နက်ချခဲ့တာဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် နှစ်ရာခန့် သိမ်းဆည်းရမိတယ်လို့ သူက ပြောပါတယ်။
လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သားအရေအတွက်နဲ့ နောက်ဆက်တွဲ အသေးစိတ်အခြေအနေတွေကို သိနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဩဂုတ်လ ၁၅ ရက်နေ့မှာ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲတစ်လကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်တစ်ရာကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။