တရားဥပဒေ စိုးမိုးရေးနဲ့ တရားရုံးတွေ စောင့် ကြည့်ရေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ဥပဒေပညာရှင် ၁၃ ဦးနဲ့ တွေ့ဆုံပြီး ဥပဒေစိုးမိုးရေးရှိအောင် နည်းလမ်းရှာဆောင်ရွက်ရေးနဲ့ တရားရုံးတွေကို စောင့် ကြည့်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ် Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ဥပဒေပညာရှင် ၁၃ ဦးနဲ့ တွေ့ဆုံပြီး ဥပဒေစိုးမိုးရေးရှိအောင် နည်းလမ်းရှာဆောင်ရွက်ရေးနဲ့ တရားရုံးတွေကို စောင့်ကြည့်ရေးအတွက် ဆွေးနွေးခဲ့ ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲဟာ တရားဥပဒေစိုးမိုးရေးအတွက်ဖြစ်ပြီး မကြာခဏ အခုလို ဆွေးနွေးပွဲတွေ လုပ်ဆောင်သွားမယ်လို့ တက်ရောက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးဦးက ပြောပါတယ်။

"ဦးဖြိုးမင်းသိန်း ကိုယ်တိုင်က မင်းမဲ့စရိုက်တွေ နောက်မဖြစ်အောင် ကြိုးပမ်းတယ်ပေါေ့နာ်၊ အခြေ အနေကောင်းတွေ ဖြစ်လာအောင်လို့ ကျနော်တို့ရဲ့ တရားရုံးများ စောင့်ကြည့်တဲ့ကိစ္စတွေကိုလည်း အကြံဉာဏ်ပေးဖို့၊ အကြံဉာဏ်ပေးရင်လည်း သူကတစ်ဖွဲ့ချင်းနဲ့ ရှေ့ဆက်ပြီးတော့ ဒီဟာက ပထမခြေလှမ်းဖြစ်တဲ့အတွက် နောက်ထပ်ဆွေးနွေးပွဲတွေလည်း လုပ်ပေးပါ့မယ်လို့ ပြောတယ်"

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစိုးရအဖွဲ့အနေနဲ့ တရားရေးကဏ္ဍတွေမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘဲ လွတ်လပ်စွာ တရားစီရင်ခွင့်ပေးမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဦးအောင်စိုးဦးက ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ကလည်း ဥပဒေရေးရာမှာ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org