NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့အတူ လူငယ် ၅၀ နီးပါး အဖမ်းခံရ

2021.11.19
NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့အတူ လူငယ် ၅၀ နီးပါး အဖမ်းခံရ ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားစဉ်
Photo: Myanmar Military

နိုဝင်ဘာ ၁၈ ရက် မနေ့ နေ့လယ်ပိုင်းက နိုင်ငံကျော် Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် နေထိုင်တဲ့ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်က ရတနာနှင်းဆီ ကွန်ဒိုအိမ်ရာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၇၀ ခန့်က ဝင်ရောက် စီးနင်းပြီး ဦးဖြိုးဇေယျာသော်နဲ့ အတူ လူငယ်တချို့ကို ဖမ်းဆီးခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာတော့ ထုရိုက်ခံထားရတာကြောင့် မျက်နှာပေါ်က ဖူးယောင်နေတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ လက်ထိပ်ခတ် ဖမ်းဆီးထားတဲ့ ဦးဖြိုးဇေယျာသော်ရဲ့ ဓာတ်ပုံကို သေနတ်တစ်လက်၊ ကျည်ဆန်၊ ကျည်ကပ်အချို့နဲ့အတူ စစ်ကောင်စီက သတင်းထုတ်ပြန်လာတာ တွေ့ရပါတယ်။

ဦးဖြိုးဇေယျာသော်ရဲ့ ခိုင်းစေချက်အရ ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး နိုဝင်ဘာ ၁၂ ရက်ကနေ ၁၇ ရက်အထိ ငါးရက်အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် အမျိုးသား ၄၀ နဲ့ အမျိုးသမီး ခုနစ်ဦးရဲ့ ဓာတ်ပုံတွေကိုလည်း အတူတကွ ဖော်ပြထားပါတယ်။

ဦးဖြိုးဇေယျာသော်ဟာ NUG နဲ့ CRPH လို အကြမ်းဖက်အဖွဲ့တွေရဲ့ ခိုင်းစေချက်အရ လူငယ်တွေကို စည်းရုံးပြီး ရန်ကုန်မြို့က အကြမ်းဖက်မှုတွေကို ဦးဆောင်ခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ မိုက်မဲမှုတစ်ခုကြောင့် ဦးဖြိုးဇေယျာသော် အပါအဝင် အဖိုးတန်လူငယ်တွေ အများကြီး နစ်နာဆုံးရှုံးရတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က ပြောပါတယ်။

“ပြောနိုင်လောက်အောင်တောင် အားမရှိတော့ပါဘူး။ နောက်သိပ်ပြီး သိပ်မပြောချင်တာက ဘယ်သူတွေက ခံစားတယ်ဆိုတာထက် သူ့မှာ တာဝန်ပိုလေးနေမယ်ပေါ့နော်။ လူငယ်တွေ တင်မကပါဘူးကွာ။ လူငယ်ပဲ ဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အခုက အသက်တွေပေးပြီးတော့ ဘဝတွေပေးပြီးတော့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးတယ်ဆိုတာ ဒီမိုက်မဲမှုတစ်ခုရဲ့ နောက်ကွယ်မှာ တစ်နိုင်ငံရဲ့ ဆုံးရှုံးနစ်နာစရာ အများကြီး ရှိတာပေါ့။ ဒီစနစ်ဆိုးကြီးကိုတော့ ရှင်းရှင်းပြောရင် ဆုံးခန်းတိုင်အောင် ဆက်သွားရမှာပေါ့။ ဒါပါပဲ”

ရန်ကုန်မြို့ သံလျင်တံတား၊ မြောက်ဥက္ကလာတံတား၊ ထန်းတပင်မြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ် ဗားကရာ မီးပွိုင့် စတဲ့ နေရာတွေမှာ ရဲနဲ့စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ဦးဖြိုးဇေယျာသော်က ဦးဆောင်ညွှန်ကြားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။

ဒီလိုအကြမ်းဖက်မှုတွေလုပ်ဖို့ NLD၊ NUG နဲ့ CRPH အဖွဲ့တွေက ဦးဖြိုးဇေယျာသော် ကို ခိုင်းစေခဲ့တာလို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိပါဘူး။

ဥက္ကဋ္ဌ အောင်ကြည်ညွန့်ဟာ NLD လွှတ်တော်အမတ်တွေရဲ့ အစုအဖွဲ့ခေါင်းဆောင်အဖြစ် ၂၀၁၅ ကနေ ၂၀၂၀ အထိ ဦးဖြိုးဇေယျာသော်နဲ့အတူ လွှတ်တော်တက်ခဲ့သူဖြစ်ပြီး အခု ဦးဖြိုးဇေယျာသော် အဖမ်းခံရတဲ့ ကိစ္စအတွက် တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့တောင် အင်အားမရှိတော့ဘူးလို့သာ RFA ကို ပြောပါတယ်။

"ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဖြစ်ခဲ့တာမှန်သမျှကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်အပြည့်ယူရမယ်"

အခုနောက်ပိုင်း ရန်ကုန်မြို့မှာ ဦးဖြိုးဇေယျာသော် အပါအဝင် လူငယ်တွေ ဆက်တိုက် အဖမ်းခံနေရတဲ့အတွက် စိတ်ဓာတ်ကျတာ၊ အားမလိုအားမရ ဖြစ်တာတွေ ရှိနေပေမယ့် လစ်လပ်သွားတဲ့ သူတို့နေရာမှာ ကျန်ခဲ့သူတွေက ပိုအလုပ်လုပ်ရမယ်လို့ တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုဇေယျာလွင်က ပြောပါတယ်။

“ဒီကာလ ဒီတော်လှန်ရေးကလည်း တစ်ဦးတစ်ယောက် အစုအဖွဲ့တစ်ခုအပေါ်မှာ မူတည်ပြီးဖြစ်တဲ့ လှုပ်ရှားတဲ့ တော်လှန်ရေး မဟုတ်ဘဲနဲ့ အများစု ပြည်သူတွေအပေါ်မှာ မူတည်ပြီး ဖြစ်တဲ့အတွက်ကြောင့် အားလုံးက ဒီဖမ်းဆီးမှုအပေါ်မှာ ဝမ်းနည်းတာ စိတ်မကောင်းဖြစ်တာ တစ်ပိုင်းပေါ့။ ကျနော်တို့ လုပ်စရာရှိတာတွေ ဆက်လုပ်ရမယ်။ ကျနော်တို့ ပိုပြီးတော့ သူတို့တွေ ပါသွားတဲ့အတွက် သူတို့ရဲ့ လစ်ဟာသွားတဲ့ ကွက်လပ်တွေကို ကျန်တဲ့သူတွေက အများစုဖြည့်ဆည်းပြီးတော့ လုပ်ဖို့ လိုအပ်တယ်လို့ ကျနော်က မြင်တယ်”

နိုင်ငံကျော် Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ကာလတွေက နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပထမဆုံးအကြိမ် အဖမ်းခံရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။

ထောင်ကပြန်လွတ်လာပြီးနောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်ချိန် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဝင်တချို့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ခဲ့စဥ်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပါတယ်။

rose-house
(နိုဝင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေ ဦးဖြိုးဇေယျာသော် နေထိုင်တဲ့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်က ရတနာနှင်းဆီအိမ်ရာကို ဝင်ရောက်စီးနင်းစဉ်) Photo: CJ

အဲဒီနောက် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးဖြိုးဇေယျာသော် အနိုင်ရရှိခဲ့ပါတယ်။

စစ်အာဏာသိမ်း နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အပါအဝင် လူငယ် ၅၀ နီးပါး တစ်ချိန်တည်း အဖမ်းခံလိုက်ရတဲ့ကိစ္စ၊ စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်ခံရမယ့် ကိစ္စတွေဟာ အနာဂတ်မျိုးဆက်သစ် လူငယ်တွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တိုင်းပြည်အတွက် လူသားအရင်းအမြစ် ဆုံးရှုံးမှုဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက မှတ်ချက်ပေး ပြောဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတိုင်းအတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာသာ တာဝန်ရှိတယ်လို့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။

"ဆရာဖြိုးဇေယျာသော်က အင်မတန်မှ ချစ်စရာကောင်းပြီး အလုပ်ကြိုးစားတဲ့သူ တစ်ယောက်ပါ။ အခု ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ လူသားအရင်းအမြစ်လည်း သူတို့ ဘာမှဂရုမစိုက်ဘူး။ အကုန်လုံးကို ပစ်သတ်ပြီး အကုန်လုံးကို ဖျက်ဆီးပစ်တော့တာပဲ။ အဲဒါက တော်တော်လေး ဆိုးတယ်။ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဖြစ်ခဲ့တာမှန်သမျှကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်အပြည့်ယူရမယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ရန်ကုန်တစ်မြို့လုံးက အကြမ်းဖက်မှုတွေအတွက် စွပ်စွဲထား ပါတယ်။

ဦးဂျင်မီကို မဖမ်းခင်ကတည်းက ရန်ကုန်မြို့နေရာအနှံ့အပြားက လူငယ် ၂၅ ဦးကို ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးခဲ့ပြီး အဲဒီလူငယ်တွေ အကြမ်းဖက်မှု ကျူးလွန်ဖို့ ဦးဂျင်မီက စေခိုင်းခဲ့တာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၁၈ ရက် ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက် ကနေ နိုဝင်ဘာ ၁၈ ရက်အထိ စစ်အာဏာသိမ်း ကိုးလကျော်အတွင်း ရဲနဲ့စစ်တပ်ရဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း တစ်သောင်းကျော်ရှိခဲ့ပြီး၊ အဲဒီအထဲက ၇,၃၉၀ ဟာ အခုချိန်ထိ စစ်ကြောရေးနဲ့ နိုင်ငံတစ်ဝှမ်းက အကျဥ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။